ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ ဒါဘီအသင်းရဲ့ နည်းပြဖြစ်သူ ဝိန်းရွန်းနီဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒါဘီအသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခံထားရတဲ့ ဝိန်းရွန်းနီဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ဒါဘီအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှင်သန်နိုင်အောင် ကြိုးစားပေးဖို့ တာဝန်ရှိနေသူပါ။

Photo Credit: Sky Sports

ဒါပေမယ့် ဒါဘီအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အတော်လေးကို ဆိုးဝါးနေတာကြောင့် အသင်းရဲ့ အဓိက ကစားသမား တချို့ကို လက်လွှတ်ထားရသလို ကစားသမားသစ်တွေ ပြန်လည် ခေါ်ယူဖို့ ငွေကြေး မတတ်နိုင်တာကြောင့် အသင်းကြီးတွေရဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမားတွေကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေရပါတယ်။

လက်ရှိမှာတော့ ဝိန်းရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ အငှား ထွက်ကစားမယ့် လူငယ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ထားပြီး ဂါနာ တယောက် ဒါဘီအသင်းဆီ ပြောင်းလာအောင် သူကိုယ်တိုင် စည်းရုံးမှုတွေလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photo Credit: Sky Sports

အသက် ၂၀ အရွယ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဂါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ်အသင်းထံ တရာသီ အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ဝိန်းရွန်းနီက သူ့ရဲ့အသင်း အတွက် ဂါနာကို ခေါ်ယူဖို့ ကြိးစားနေတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သူ ဝိန်းရွန်းနီကို ကူညီပေးဖို့ အဆင်သင့် ရှိနေပြီး ဒါဘီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ ဂါနာကို တိုက်တွန်းမှုတွေ ပြုလုပ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။