ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီ ကတော့ သူဟာ တနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဝိန်းရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်း တဦး ဖြစ်ပြီး သူ့ရဲ့အသင်းအပေါ် ထားရှိတဲ့ သံယောဇဉ်ကလည်း ကြီးမားပါတယ်။

Photo Credit: Express

ဝိန်းရွန်းနီဟာ လက်ရှိမှာတော့ ချန်ပီယံရှစ်ကလပ် ဒါဘီကို ကိုင်တွယ်နေပြီး ဒါဘီကို အမှတ်လျှော့ ပြစ်ဒဏ်တွေ ၊ ဘဏ္ဍာရေး အကြပ်အတည်းတွေ ကြားထဲကနေ တန်းမဆင်းရအောင် အစွမ်းကုန် ကူညီပေးနေသူပါ။

ဝိန်းရွန်းနီရဲ့ လက်အောက်မှာ ဒါဘီရဲ့ စွမ်းဆောင်ရည်တွေက မျှော်မှန်းထားတာထက် ပိုမို ကောင်းမွန်နေတာကြောင့် ရွန်းနီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းတချို့ကတောင် စိတ်ဝင်စားနေကြပြီး ရွန်းနီကတော့ သူဟာ လက်ရှိအချိန်မှာ ဒါဘီအတွက်သာ အပြည့်အဝ အာရုံစိုက်ထားပြီး တနေ့မှာတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ရွန်းနီက – “ကျွန်တော်က တနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခွင့် ရချင်ပါတယ်။ တကယ်လည်း မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခွင့် ရဖို့က ကျွန်တော့်ရဲ့ အိမ်မက်တခုပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်က ဒါဘီအတွက်ပဲ ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။