ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသလို လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ သူ့ရဲ့ သူငယ်ချင်းဟောင်း ရိုနယ်ဒိုရဲ့ ဝေဖန် တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် မကြာခင် ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုနယ်ဒိုကို ကမ္ဘာ့ဖလား ရစေချင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဝိန်းရွန်းနီနဲ့ ရိုနယ်ဒိုတို့က မန်ချက်စတာ ယူနိုက်တက်မှာ အချိန်အတော်ကြာအောင် တွဲဖက် ကစားခဲ့ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အတွဲအဖက်ဟာ ဒွိုက်ယော့နဲ့ အန်ဒီကိုးလ်တို့ရဲ့ တိုက်စစ်အတွဲ ပြီးရင် ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှာ ဒုတိယမြောက် အကောင်းဆုံး တိုက်စစ်အတွဲ အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဝိန်းရွန်းနီနဲ့ ရိုနယ်ဒိုတို့ရဲ့ ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ဝိန်းရွန်းနီက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ရိုနယ်ဒိုကို အသက်အရွယ်ကြောင့် အရန်ခုံ ထိုင်နေရတာကို လက်ခံဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ရာ ကနေ စပြီး ရိုနယ်ဒိုနဲ့ ဝိန်းရွန်းနီတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပါတယ်။

ရွန်းနီရဲ့ ဝေဖန် ထောက်ပြမှုကို ခံခဲ့ရတဲ့ ရိုနယ်ဒိုက ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝိန်းရွန်းနီကို သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီး မနာလို ဖြစ်နေတဲ့လူလို့ ပြန်လည် ဝေဖန်သွားခဲ့သလို သူက ရွန်းနီထက် ရုပ်ပိုချောတာကြောင့် ရွန်းနီဟာ သူ့ကို ကြည့်မရ ဖြစ်နေတာလို့လည်း ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ရိုနယ်ဒိုရဲ့ ဝေဖန်မှုကို ပြန်ခံခဲ့ရပေမယ့် ဝိန်းရွန်းနီကတော့ ရိုနယ်ဒိုအပေါ် အပြစ်မမြင်သလို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ရွန်းနီက သူဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ယောက်ထဲက တယောက်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲစေချင်ကြောင်း ပြောကြားရင်း ရိုနယ်ဒိုကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရအောင် ဆုတောင်းပေးသွားခဲ့ပါသေးတယ်။

ရွန်းနီက – “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ကိုယ့်ရဲ့ သမိုင်းကြောင်းကို ထားရစ်ခဲ့တာဟာ ကစားသမားတိုင်း အတွက် အိမ်မက်တခု ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ဒါမှမဟုတ် ရိုနယ်ဒိုကိုပဲ ချန်ပီယံ ဖြစ်စေချင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ကစားသမား ဘဝကို အဆုံးသတ်နိုင်မယ့် ဂုဏ်ပုဒ်မျိုးဟာ သူတို့နှစ်ယောက်လုံးနဲ့ ထိုက်တန်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။