ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ဝိန်းရွန်းနီက ပူပူနွေးနွေး ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင် ကိုင်လီယန် အမ်ဘာပေအား ပီအက်စ်ဂျီကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ပီအက်စ်ဂျီနဲ့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့်ပဲ အမ်ဘာပေဟာ ကမ္ဘာ့ဖလားရဲ့ သမိုင်းတလျှောက် ဗိုလ်လုပွဲမှာ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သလို သူ့ရဲ့ ကစားသမား ဘဝတလျှောက် ပထမဦးဆုံး ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

အမ်ဘာပေ တယောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်ပဲ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းတွေက အမ်ဘာပေကို သူတို့အသင်းဆီ ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားလာကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ဝိန်းရွန်းနီကလည်း အမ်ဘာပေအား ပီအက်စ်ဂျီကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ အကြံပေးသွားခဲ့ပါတယ်။

Photo Credit: The Sun

ဝိန်းရွန်းနီက – “ပီအက်စ်ဂျီက အမ်ဘာပေနဲ့ သင့်တော်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက်လိုမျိုး အသင်းကသာ သူနဲ့ သင့်တော်တဲ့ အသင်းလို့ မြင်ပါတယ်။ သူက အသင်းပြောင်းသင့်ပါပြီ။ သူက ယူနိုက်တက် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်လိုမျိုး အသင်းတွေဆီ ပြောင်းသင့်ပါတယ်” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။

အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေက အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။