ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူထားတဲ့ ဝိန်းရွန်းနီကတော့ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ရိုနယ်ဒိုကို အတင်း မဆွဲထားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက မန်ချက်စတာ ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်နေတဲ့ ရိုနယ်ဒိုနဲ့ ကာလရှည် တွဲဖက် ကစားခဲ့ဖူးသူပါ။

Photo Credit: Reuters

တဖက်မှာတော့ အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်ရှိနေသေးပေမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းပြောင်းခွင့် တောင်းခံထားသူ ဖြစ်ပါတယ်။

ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာချင်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချလိုခြင်း မရှိပဲ ရိုနယ်ဒိုကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Reuters

မန်ချက်စတာ ယူနိုက်တက်နဲ့ လက်ရှိအချိန် အထိ အဆက်အသွယ် ရှိနေသေးသလို ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ်အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီကတော့ ရိုနယ်ဒိုဟာ သွင်းဂိုးတွေ အတွက် အာမခံချက် ပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပေမယ့် ယူနိုက်တက်အနေနဲ့ အသင်းမှာ မနေချင်တဲ့ ရိုနယ်ဒိုကို ဆက်မထိန်းထားသင့်ပဲ ရိုနယ်ဒိုကို ရောင်းချပြီး အသင်းအတွက် အားကိုးရမယ့် နံပါတ်၉ တိုက်စစ်မှူး တဦးကို အစားထိုး ခေါ်ယူလိုက်သင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ရွန်းနီက – “တကယ်လို့ ရိုနယ်ဒိုဘက်က အသင်းပြောင်းခွင့် တောင်းခံထားတဲ့ သတင်းတွေသာ မှန်မယ် ဆိုရင် ယူနိုက်တက်အနေနဲ့ သူ့ကို ရောင်းထုတ်လိုက်သင့်ပါတယ်။ ပြီးတော့ အသင်းအတွက် လာမယ့် ၃ ၊ ၄နှစ် အတွင်းမှာ အားကိုးရနိုင်သလို ဆုဖလား အောင်မြင်မှုတွေ ရအောင် ကူညီပေးနိုင်မယ့် နံပါတ်၉ တိုက်စစ်မှူးသစ် တဦးကို ပြန်ခေါ်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။