MySport Myanmar

ရွန်းနီက ယူနိုက်တက်ရဲ့ တိုက်စစ်နည်းပြအဖြစ် ဆောင်ရွှက်နိုင်လိမ့်မယ်လို့ ရှာရင်ဂမ် သုံးသပ်

မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမားဟောင်းကြီး တက်ဒီ ရှာရင်ဂမ်က ပလိုင်းမောက်ကနေ ထုတ်ပယ်ခံထားရတဲ့ ဝိန်း ရွန်းနီဟာ ယူနိုက်တက်အတွက် တိုက်စစ်နည်းပြအဖြစ် အကောင်းဆုံး စွမ်းဆောင်နိုင်မှာဖြစ်ပြီး တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်းရဲ့ ခြေစွမ်းပိုင်းတွေ တိုးတက်လာအောင်ပါ ကူညီနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီက ကစားသမားဘဝကနေ အနားယူပြီးနောက် ဒါဘီ ကောင်တီ ၊ ဒီစီ ယူနိုက်တက် ၊ ဘာမင်ဂမ်နဲ့ ပလိုင်းမောက်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ကစားသမားဘဝမှာ အောင်မြင်ခဲ့သလောက် နည်းပြဘဝမှာတော့ အခြေအနေ သိပ်မကောင်းလှဘဲ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ (၂)သင်းလုံးကနေ ဆက်တိုက် အထုတ်ခံခဲ့ရပါတယ်။

Photo Credit : Goal

ရွန်နီဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းက အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ စံချိန်တင်ခဲ့တဲ့အထိ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ဒီလို တိုက်စစ်မှူးဟောင်းကိုလည်း အသင်းမှာ တိုက်စစ်နည်းပြအဖြစ် ပြန်လည် မြင်တွေ့သွားချင်တယ်လို့ ရှာရင်ဂမ်က ပြောဆိုလာခဲ့ပါတယ်။

“ဝိန်း ရွန်းနီက တိုက်စစ်နည်းပြကောင်းတစ်ဦး ဖြစ်လာနိုင်မလားဆိုရင် ဒါက လုံးဝ သံသယဝင်စရာတောင် မရှိပါဘူး။ အခုခေတ်မှာဆိုရင် ဒါက အသင်းတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလို့တောင် ပြောရပါမယ်။ တည်ကန်ဘောနည်းပြတို့ ခံစစ်တန်းနည်းပြတို့ တိုက်စစ်နည်းပြတို့က ရှိနေကြသလို ဝိန်းဟာလည်း ဒီနိုင်ငံရဲ့ ထိပ်တန်း ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တဲ့သူပါ။”

Photo Credit : Goal

“သူက ရက်စ်မတ်ကိုရော ကူညီပေးနိုင်မလားဆိုရင် သေချာပေါက် ကူညီပေးနိုင်မယ်လို့ပဲ ပြောရပါမယ်။ သူက နိုင်ငံအသင်းအတွက်လည်း ပွဲပေါင်းတစ်ရာလောက် ကစားထားပေးပြီး ထိပ်တန်းအဆင့်မှာ ဂိုးပေါင်းများစွာ သွင်းယူနိုင်ခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ယောက် ဖြစ်ခဲ့တာမို့ သူ့ဆီက ရလာမယ့် အကြံညဏ်တိုင်းကို သေချာပေါက် နားထောင်သွားရပါမယ်။” လို့ ရှာရင်ဂမ်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရှာရင်ဂမ်က ယူနိုက်တက်အနေနဲ့ စပို့တင်း လစ္စဘွန်းက ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူလိုက်မယ်ဆိုရင် လက်ရှိ အသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဟွိုင်လန်းက ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာနိုင်ပြီး အနာဂတ် အခြေအနေပါ လှုပ်ခတ်သွားနိုင်ခြေ ရှိတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version