ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ်နေရာနဲ့ အသင့်တော်ဆုံးလူက လက်ရှိ ပီအက်စ်ဂျီရဲ့ နည်းပြ ပိုချက်တီနိုသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ နည်းပြအဖြစ် ၂နှစ်ကျော်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ အိုလေဂန်နာ ဆိုးလ်ရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ပြီးနောက် အသင်းအတွက် အမြဲတမ်းနည်းပြ အဖြစ် လုပ်ကိုင်နိုင်မယ့် နည်းပြကောင်း တဦးကို ရှာဖွေနေပါတယ်။

Photo Credit: Metro

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာမန် ဘောလုံးလောကရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တဦး ဖြစ်သူ ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် ရန်းဂ်နစ်ရဲ့ လက်အောက်မှာလည်း အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ရာသီကုန်မှာ အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့ နှစ်ဦးထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အင်တာဗျူးတွေ ပြုလုပ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေက ပိုချက်တီနိုနဲ့ တန်ဟက်ဂ်တို့ နှစ်ဦးအနက် တန်ဟက်ဂ်ကသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်သင့်ကြောင်း ပြောဆိုမှုတွေ ရှိနေပြီး ဒါဘီနည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီကတော့ သူဟာ တန်ဟက်ဂ်ထက် ပရီးမီးယားလိဂ် အတွေ့အကြုံရင့်တဲ့ ပိုချက်တီနိုကိုသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

ရွန်းနီက – “ကျွန်တော်ကတော့ ပိုချက်တီနိုဟာ ယူနိုက်တက်ရဲ့ နည်းပြရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်းကို သက်သေပြထားပြီးပြီလို့ မြင်ပါတယ်။ သူက စပါးနဲ့ ဆောက်သမ်တန်တို့ကို ကိုင်တွယ်ဖူးတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိတဲ့ နည်းပြတဦးပါ။ ပြီးတော့ သူက လူငယ်တွေကို နေရာပေးလေ့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကသာ သူတို့နှစ်ယောက်ထဲက တယောက်ကို ရွေးရမယ် ဆိုရင် ပိုချက်တီနိုကိုပဲ ရွေးပါမယ်။ ပြီးတော့ ကျွန်တော်က ပိုချက်တီနိုကို လုံလောက်တဲ့ အချိန်တခု ပေးပြီး အသင်းကို ပြန်တည်ဆောက်ခိုင်းပါမယ်။ နည်းပြတယောက် အတွက် အသင်းတသင်းမှာ အောင်မြင်မှုတွေ ရဖို့ ဆိုရင် သူ့ရဲ့ စိတ်ကြိုက် ပြင်ဆင်မှုတွေ လုပ်ခိုင်းဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ ပိုချက်တီနိုကို အချိန်ပေးခဲ့ရင် သူက ယူနိုက်တက်မှာ အောင်မြင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။