ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နေတဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်းနီ ကတော့ လတ်တလောမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရတဲ့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေကို အသင်းအတွက် ကြိုးစားပေးကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို အဆိုပါ ၄ပွဲမှာလည်း ရမှတ် ၁မှတ်သာ ရရှိထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားမယ့် စပါးအသင်းနဲ့ပွဲစဉ် ၊ လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားရမယ့် အတ္တလန်တာအသင်းနဲ့ ပွဲစဉ်တွေမှာသာ ရလဒ်ကောင်းတွေ မယူနိုင်ခဲ့ရင် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ နည်းပြတဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီ ကတော့ ရလဒ်ဆိုးတွေ ကြုံတွေ့နေရတာဟာ နည်းပြတဦးထဲရဲ့ အပြစ်တွေကြောင့် မဟုတ်ပဲ ကစားသမားတွေရဲ့ အပျင်းထူမှုတွေကြောင့် ဖြစ်ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ အနေနဲ့ အသင်း အတွက် ကြိုးစား ကစားပေးကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

ဝိန်းရွန်းနီက – “ ကျွန်တော်ကတော့ ကစားသမားတွေဟာ သူတို့ကိုယ် သူတို့ မေးခွန်းပြန်ထုတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ရလဒ်ဆိုးတွေ အတွက် နည်းပြတယောက် အပေါ် အပြစ်တွေ ပုံချလိုက်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေကို ပိုက်ဆံတွေ အများကြီးပေး ၊ ပြောင်းရွှေ့ကြေးတွေ အများကြီး ပေးပြီး ခေါ်ထားတာက ကောင်းကောင်း ကစားဖို့ပါ။ ကျွန်တော်ကတော့ သူတို့ဟာ သူတို့ရဲ့ အလုပ်ကို ကောင်းကောင်း မလုပ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒီလို ရလဒ်ဆိုးတွေနဲ့ ပတ်သတ်ပြီး ကစားသမားတွေမှာ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိဖို့လည်း လိုအပ်ပါသေးတယ်။ သူတို့အားလုံးက ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ ပြီးတော့ နိုင်ငံလက်ရွေးစင် ကစားသမားတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုး အတွက် ကစားပေးနိုင်ဖို့ ဆိုရင် ဒီထက် ပိုပြီး ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။