မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဝိန်းရွန်နီက အင်္ဂလန်အသင်းကို အားပေးနေကြတဲ့ ပရိသတ်များအနေနဲ့ အသင်းရဲ့နည်းပြနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် လှောင်ပြောင်အော်ဟစ်တာမျိုးတွေ လုပ်ဆောင်ခြင်းဟာ အသင်းအတွက် ဘာအကျိုးမှမရှိလို့ အော်ဟစ်လှောင်ပြောင်တာတွေကို မလုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ ဝိန်းရွန်နီဟာ ယူရို-၂၀၂ဝပြိုင်ပွဲတွေကို စောင့်ကြည့်လျက်ရှိနေပြီး ဝင်ဘလေကွင်းမှာ ကစားနေရတဲ့ အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေကိုလည်း မိသားစုဝင်တွေနဲ့အတူ လိုက်လံအားပေးနေတာဖြစ်ပါတယ်။ ရွန်နီဟာ အင်္ဂလန်နဲ့ စကော့တလန်အသင်းတို့ရဲ့ ဗြိတိန်ဒါဘီပွဲစဉ်ကိုလည်း ဝင်ဘလေကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ရာ စကော့တလန်ကို အနိုင်မယူနိုင်ပဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းအပေါ် ပွဲအပြီးမှာ ပရိသတ်များစွာက လှောင်ပြောင်ခဲ့ကြတာကို ရွန်နီကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဒီလိုလုပ်ဆောင်နေခြင်းက အသင်းအတွက် ဘာအကျိုးကျေးဇူးမှ မရရှိနိုင်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : The Sun

ရွန်နီက “အင်္ဂလန်နဲ့ စကော့တလန်တို့ သရေကျခဲ့တဲ့ ပွဲစဉ်ကို ဝင်ဘလေကွင်းမှာ ကျွန်တော်သွားရောက်ကြည့်ရှုခဲ့တယ်။ ပွဲအပြီးမှာ တစ်ကွင်းလုံးရဲ့ လက်ခုပ်တီးအားပေးသံတွေနဲ့အတူ အသင်းကို လှောင်ပြောင်နေတဲ့ အသံတွေကိုပါ အနီးအနားကနေ ကြားလိုက်ရတယ်။ ဒီလိုလုပ်ဆောင်ခြင်းတွေကနေ အသင်းကို ပိုကောင်းလာစေအောင် မကူညီပေးနိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျွန်တော်အသေအချာ ပြောနိုင်ပါတယ်။ တစ်နိုင်ငံလုံးကရော ပရိသတ်တွေအနေနဲ့ရော အားလုံးက အင်္ဂလန်ကစာသမားတွေရဲ့နောက်မှာ ရပ်တည်ပေးနေသင့်တာလို့ ကျွန်တော်ထင်မိတယ်။ ဂါရတ်ဆောက်ဂိတ်နဲ့ သူရဲ့ကစားသမားတွေက ဒီပွဲစဉ်မှာ အားလုံး ရှိသမျှအားတွေနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့ကြတာဖြစ်လို့ ဒီလိုလှောင်ပြောင်မှုနဲ့ မထိုက်တန်ပါဘူး။ သူတို့တွေ ဒီပွဲစဉ်မှာ အသင်းအတွက် ရာနှုန်းပြည့်ကို ပေးဆပ်ခဲ့ကြတာပါ။ သူတို့တွေအပေါ်မှာ စိတ်ရှည်ပေးကြပါ။ အသင်းရဲ့လူစာရင်းမှာလည်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ယူရို-၂၀၂ဝမှာ တစ်ခုခု လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေဦးမှာပါ။ ဒါကို ခက်ခဲသွားအောင် ဘာလို့လုပ်ဆောင်ကြတာလဲ။ သူတို့လည်း ဖိအားတွေနဲ့ ကစားနေရတာ။ လှောင်ပြောင်မှုက သူတို့ကို မကူညီနိုင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။