မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်း တို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ် ကလပ်တစ်သင်းဖြစ်တဲ့ ဒါဘီအသင်းနဲ့ ကစားနေပြီး အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူထားရသူပါ။ ရွန်းနီဟာ အသက်၃၄နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် ဒါဘီအသင်းမှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြထားခဲ့ပြီး ယနေ့မနက်မှာ ကစားသွားတဲ့ ဒါဘီအသင်းနဲ့ စတုတ်အသင်းနဲ့ပွဲမှာတော့ အသင်းအတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Standard.com

ဝိန်းရွန်းနီဟာ ဒါဘီအသင်းနဲ့စတုတ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ်နေရာကနေ ကစားသွားခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ပြစ်ဒဏ်ဘောကနေတဆင့် တိုက်ရိုက်သွင်းယူခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားရတဲ့ပွဲစဉ်ဖြစ်သည့် အားလျော်စွာ အဆိုပါပွဲမှာ ဒါဘီအသင်းဟာ စတုတ်စီးတီးအသင်းကို ဖိအားပေးကစားသွားခဲ့ပြီး လေးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Standard.com

ဒါဘီအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၁မိနစ်မှာ ညာတောင်ပံကစားသမား ဝက်ဟွန်း က သွင်းယူပေးခဲ့ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၂၄မိနစ်မှာ တိုက်စစ်မှူး ခရစ္စမာတင်က သွင်းယူပေးခဲ့ကာ ဒါဘီအသင်းဟာ ပထမပိုင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အသာရနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရွန်းနီက တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပြစ်ဒဏ်ဘောကနေတဆင့် ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို တိုက်ရိုက်ကန်သွင်းကာ သွင်းဂိုးရယူပေးခဲ့တာပါ။

Photo Credit: Standard.com

ပွဲသိမ်းဂိုးကိုတော့ ပွဲကစားချိန် ၇၄မိနစ်မှာ ညာနောက်ခံလူ ဘိုလီက ရွန်းနီရဲ့ပေးပို့မှုကနေ သွင်းယူနိုင်ခဲ့တာပါ။ အဆိုပါပွဲစဉ်မှာတော့ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ရွန်းနီဟာ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။