MySport Myanmar

ယူနိုက်တက်ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က PlayStation ကစားခြင်းပဲလို့ ရွန်နီ ဆို

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးကြီး ဝိန်း ရွန်နီက ဆာ အဲလက်စ် ဖာဂူဆန်လက်ထက် အသင်းရဲ့ အံ့မခန်းအောင်မြင်မှုတွေရဲ့ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲ့ဒါကတော့ အသင်းဘတ်စ်ကားပေါ်မှာ ဗီဒီယိုဂိမ်းတွေ အတူတကွ ကစားရင်း တည်ဆောက်ခဲ့တဲ့ ဆက်သွယ်ပြောဆိုမှုတွေပါပဲ။

သူ့ရဲ့ BBC podcast အစီအစဉ်မှာ ရွန်နီက သူနဲ့ သူ့အသင်းဖော်တွေဟာ PlayStation Portable (PSP) မှာ SOCOM လို့ခေါ်တဲ့ ၅ ယောက်တစ်ဖွဲ့ စစ်တိုက်ဂိမ်းကို အသင်းဘတ်စ်ကားပေါ်၊ လေယာဉ်ပေါ်မှာ အမြဲကစားလေ့ရှိကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။

Photo Credit : BBC

“ကျွန်တော်တို့ရဲ့ အောင်မြင်မှုရဲ့ အစိတ်အပိုင်းကြီးတစ်ခုက PSP ကစားခြင်းကနေ လာတယ်လို့ ကျွန်တော် တကယ်ကို ယုံကြည်တယ်။ ဒါက ကျွန်တော်တို့ကို ပိုပြီး ဆက်သွယ်ပြောဆိုဖြစ်စေခဲ့တယ်။ ဒီဂိမ်းထဲမှာ ခင်ဗျား စကားပြောရမယ်၊ နည်းဗျူဟာပိုင်းအရ မှန်ကန်နေရမယ်၊ သေသွားတဲ့ အသင်းဖော်တွေကို ပြန်ကယ်ရမယ်။ ဒါက ကျွန်တော်တို့ အောင်မြင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။”

“ရီယို (ဖာဒီနန်)၊ မိုက်ကယ် ကာရစ်၊ ဂျွန် အိုရှေး၊ ဝက်စ် ဘရောင်းတို့လို ကစားသမားတွေကို မေးကြည့်လိုက်ပါ၊ ဒါက တကယ်ကို ထူးခြားခဲ့ပါတယ်။” လို့ ဖာဂူဆန်နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဆွတ်ခူးခဲ့တဲ့ ရွန်နီက ဆိုပါတယ်။

Photo Credit : Goal

ရွန်နီက သူ့အသင်းဖော်တွေရဲ့ ဂိမ်းကစားပုံက အိုးထရက်ဖို့ဒ်ကွင်းထဲက သူတို့ရဲ့ တကယ့်ကစားပုံကို ထင်ဟပ်နေတယ်လို့လည်း ဟာသလုပ်ပြီး ပြောကြားခဲ့ပါသေးတယ်။ “မိုက်ကယ် ကာရစ်က တိတ်တိတ်လေးနဲ့ ကလိမ်ကျကျကစားတဲ့သူမျိုး။ သူက ပုန်းနေပြီး ခင်ဗျားအနားကို ဗုံးတစ်လုံး ပစ်ထည့်လိုက်တာမျိုး။ ကျွန်တော်ကတော့ ရှေ့ဆုံးကနေ တည့်တည့်ဝင်တိုက်တာပဲ။ တိုက်ဖို့ပဲ စဉ်းစားတယ်။” လို့ ရှင်းပြခဲ့ပါတယ်။

“ဂိုးသမားကြီး အက်ဒဝင် ဗန် ဒါ ဆား ကတော့ စိတ်အနှောင့်အယှက်ဖြစ်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အသင်းဘတ်စ်ကားပေါ်မှာ ကျွန်တော်တို့က နေရာတွေအကြောင်း အော်ကြီးဟစ်ကျယ် ပြောနေကြတာကိုး။ တစ်ခါတလေ ပြိုင်ဘက်မှာ တစ်ယောက်ပဲကျန်တော့ရင် သူ့ကို ဘယ်လိုဝိုင်းညှပ်မလဲဆိုတာ ဆက်သွယ်ပြောကြရတယ်။ ဗန် ဒါ ဆား က အဲ့ဒီအသံတွေကြားရင် စိတ်ညစ်ပြီး ကျွန်တော်တို့နဲ့ အဝေးဆုံးကို ထွက်သွားလေ့ရှိတယ်။” လို့ ရွန်နီက ရယ်မောရင်း ပြောပါတယ်။

Exit mobile version