MySport Myanmar

ရလဒ်ဆိုးတွေ အတွက် ယူနိုက်တက်ကစားသမားတွေမှာ တာဝန်ရှိတယ် ဆိုတဲ့ ရွန်းနီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်ကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီက လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ရလဒ်တွေ ဆိုးဝါးနေတာဟာ နည်းပြနဲ့ မသက်ဆိုင်ပဲ ကစားသမားတွေနဲ့သာ သက်ဆိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နဲ့လည်း ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲဆက် ၀-၃ ၊ ၀-၃ ဆိုတဲ့ ရလဒ်တွေနဲ့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ထားပါတယ်။

Photo Credit: Standard

ဒါ့အပြင် ရှုံးနိမ့်ခဲ့တဲ့ ၂ပွဲမှာ ၁ပွဲက ကာရာဘောင်းဖလား ၁၆သင်းအဆင့် ပွဲစဉ် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ ကာရာဘောင်း ချန်ပီယံဘွဲ့ကိုလည်း မကာကွယ်နိုင်တော့ပါဘူး။

ရလဒ်တွေ မကောင်းသလို ခြေစွမ်းပိုင်းကလည်း အားရစရာ မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ယူနိုက်တက်ရဲ့ ကစားသမား အများအပြားက တန်ဟက်ဂ်ကို မယုံကြည်တော့ဘူး ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ထွက်နေပါတယ်။

Photo Credit: Tribuna

ဘောလုံးရေးရာ သုံးသပ်သူ အများစုက ယူနိုက်တက်အသင်း ရလဒ်တွေ ဆိုးဝါးနေတာဟာ နည်းပြဖြစ်သူ တန်ဟက်ဂ်ရဲ့ အပြစ်တွေကြောင့် ဖြစ်ကြောင်း ဝေဖန်နေကြပေမယ့် ယူနိုက်တက်ဂန္တဝင် ဝိန်းရွန်းနီကတော့ ရလဒ်ဆိုးတွေ အတွက် ကစားသမားတွေမှာ တာဝန်အပြည့် ရှိကြောင်း ပြောကာ တန်ဟက်ဂ်ကို ကာကွယ်ပေးသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက – “နည်းပြတိုင်းမှာ ဖိအားတွေ ရှိပါတယ်။ ဒါက ဒီအလုပ်ရဲ့ သဘာဝပါပဲ။ ကျွန်တော်တို့ အားလုံးလည်း (နည်းပြများ) ဒါကို နားလည်ထားကြပါတယ်။ ကျွန်တော်က ဘာမင်ဂမ်ဆီ ပြောင်းလာတဲ့ အချိန်မှာ ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါတယ်။ ဒါကြောင့် တန်ဟက်ဂ်ကလည်း ယူနိုက်တက်နည်းပြ ဖြစ်တဲ့ အချိန်မှာ ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ကြိုသိထားပါလိမ့်မယ်။ အသင်းက မျှော်လင့်ထားသလို မဖြစ်လာတဲ့အချိန် ၊ မျှော်လင့်ထားသလို စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်ရင် ဖိအားတွေနဲ့ ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေကလည်း ဒီကိစ္စမှာ (ရလဒ်ဆိုးနေမှုအား ရည်ရွယ်လျက်) တာဝန်ယူသင့်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အသင်းရဲ့ ကစားသမား တချို့နဲ့ သိကျွမ်းပါတယ်။ သူတို့ထဲက တချို့ဟာ သူတို့တွေ ပြသင့်တဲ့ စွမ်းဆောင်ရည်မျိုးကို မပြထားနိုင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version