ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ဒါဘီအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ကတော့ ဘောလုံးပရိသတ် အတော်များများရဲ့ ရင်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ကစားသမားဘဝမှာ မန်ယူအသင်းအတွက် ပေးဆပ်ကစားခဲ့သူအဖြစ် နာမည်ကြီးတဲ့ ဝိန်းရွန်းနီဟာ ဒါဘီအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာခဲ့ပြီး အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရွန်းနီဟာ မန်ယူအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ပြိုင်ပွဲစုံသွင်းဂိုး ၂၅၃ဂိုး သွင်းယူကာ ရပ်တည်နေသူတစ်ဦးပါ။

Photo Credit: Mirror.com

ဒါပေမယ့် အဆိုပါပွဲမှာတော့ ဝိန်းရွန်းနီဟာ ဒါဘီအသင်းနဲ့အတူ ရလဒ်ကောင်း ရရှိခဲ့ခြင်း မရှိပဲ အသင်းဟောင်းမန်ယူကို သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရေးနိမ်ခဲ့ရပါတယ်။ ဒါဘီအသင်းဟာ အိမ်ကွင်းမှာ မန်ယူအသင်းကို သုံးဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပြီး မန်ယူအသင်းအတွက် သွင်းဂိုးတွေကိုတော့ ဘယ်နောက်ခံလူ လုခ်ရှောက တစ်ဂိုး ၊ တိုက်စစ်မှူး အစ်ဟာလိုက နှစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ အဆိုပါပွဲမှာ မန်ယူအသင်းရဲ့ ပရိသတ်တွေဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီရဲ့ အမည်ကို ပွဲချိန်အတွင်းမှာရော ပွဲပြီးချိန်မှာပါ ဟစ်ကြွေးကာ ဂုဏ်ပြုခဲ့ကြပါသေးတယ်။

Photo Credit: Mirror.com

ရွန်းနီကတော့ သူ့ရဲ့အသင်းဟောင်းဘက်ကို သွင်းဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ဂိုးရရှိနိုင်တဲ့ ဖရီးကစ်ကန်သွင်းချက်နှစ်ခုကိုတော့ မန်ယူဂိုးသမား ရိုမဲရိုးက ကာကွယ်သွားနိုင်ခဲ့တာကြောင့် အသင်းဟောင်းကိုတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ရိုမဲရိုးရဲ့ အကောင်းဆုံး လက်စွမ်းတွေနဲ့ ပတ်သတ်ပြီး ဝိန်းရွန်းနီက ရိုမဲရိုးဟာ သူ့အပေါ် ကြင်နာမှုမရှိဘူးလို့ ပွဲအပြီးမှာ ဟာသဆန်ဆန် ငြီးတွားသွားခဲ့ပါတယ်။ ရွန်းနီက ” ရိုမဲရိုးက ကြင်နာတဲ့ပုံမပေါ်ပါဘူး။ သူက တစ်လုံးလောက်ကိုတော့ ဂိုးထဲဝင်ခွင့် ပြုသင့်ပါတယ်။ ဂိုးသွင်းနိုင်ခဲ့ရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် ဒါက ဖြစ်မလာခဲ့ပါဘူး ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။