MySport Myanmar

အဲဗာတန်နဲ့ မန်ယူမှာ မန်ယူကိုပဲ ပိုမို ကိုင်တွယ်သွားချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ရွန်နီ

မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်နီက သူရဲ့ dream job ဟာ သူ့အသင်းဟောင်း နှစ်သင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်သွားဖို့ဖြစ်ပြီး ဒီနှစ်သင်းထဲမှာမှ မန်ယူနိုက်တက်အသင်းကို ပိုပြီး ကိုင်တွယ်သွားချင်တယ်လို့ အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူးမှာ ဖွင့်ပြောသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရွန်နီဟာ အဲဗာတန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး မန်ယူနိုက်တက်မှာ ကစားသမားဘဝရဲ့ အချိန်အတော်ကြာကို ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုတွေကိုလည်း မြောက်များစွာ ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရွန်နီက နည်းပြအဖြစ် ဆောင်ရွှက်နေပြီး မကြာသေးခင်ကမှ ပလိုင်းမောက်အသင်းကို ကိုင်တွယ်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Stretty News

နည်းပြအဖြစ် ဒါဘီကောင်စီ ဒီစီယူနိုက်တက် ဘာမင်ဂမ်တို့ကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာလည်း ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် နည်းပြအဖြစ် စတင် တာဝန်ယူသွားတော့မယ့် ရွန်နီဟာ သူရဲ့ dream job က သူ့အသင်းဟောင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားဖို့ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“Dream Job ဆိုတော့ ဒါက ခက်ခဲတဲ့ အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အဲဗာတန် ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကိုင်တွယ်ချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ဖူးတာကြောင့်ပါ။ ဒီနှစ်သင်းထဲက ကျွန်တော် ယူနိုက်တက်ကို ရွေးချင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုတာက အောင်မြင်ဖို့အတွက် အထွတ်အထိပ် ဖြစ်ပါလိမ့်မယ်။”

Photo Credit : Daily Mail

“အဲဗာတန်အသင်းကတော့ စိတ်ခံစားမှုဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျွန်တော် အားပေးတဲ့အသင်း ကျွန်တော် နှစ်သက်တဲ့အသင်း ဆိုပေမယ့်လည်း ယူနိုက်တက်က တကယ်ပဲ အထွတ်အထိပ် ဖြစ်လာမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွန်နီက သူရဲ့ကစားသမားဘဝအတွင်း သူပါဝင်ကစားချင်ခဲ့တဲ့ ကလပ်အသင်းက စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဖြစ်ပြီး သူ တွဲဖက်ကစားချင်ခဲ့တဲ့ ဘောလုံးသမားက ပြင်သစ်နဲ့ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး ဇီဒန်း ဖြစ်တယ်လို့ပါ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ဇီဒန်းက ကစားပုံ တည်ငြိမ် အေးဆေးပြီး ဘယ်ညာနှစ်ဖက်လုံးနဲ့ အကောင်းဆုံး ကစားနိုင်သူ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ လုပ်ဆောင်နိုင်သူလို့ ရွန်နီက ချီးကျူးသွားခဲ့ပါတယ်။

Exit mobile version