ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ဒါဘီကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီကတော့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ အန်ဂိုလို ကန်တီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တဦး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီဟာ ပြင်သစ် လီဂူးဝမ်း ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ စတင် ရောက်ရှိလာကတည်းက သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူ ဖြစ်ပြီး လက်စတာ ၊ ချယ်လ်ဆီး စတဲ့ နာမည်ကြီးအသင်း နှစ်သင်းစလုံးရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။

Photo Credit: Talksport

ကန်တီဟာ ပြင်သစ်အသင်းရဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလား အောင်ပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ တွဲဖက်ပြီး အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နိုင်ခဲ့ပြီး သူ့ရဲ့ လျင်မြန်မှု ၊ ပြိုင်ဘက်အပေါ် လေးစားမှုနဲ့ ဘောလုံးကို အသည်းအသန် လိုက်လံ ဖြတ်ထုတ်မှုတွေကြောင့် ချယ်လ်ဆီး ပရိသတ်တွေ သာမကပဲ ပြိုင်ဘက် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကိုပါ ရရှိထားပါတယ်။

ကစားသမား ဘဝမှာ ကန်တီနဲ့ ပြိုင်ဘက်တွေ အဖြစ် ကစားခဲ့ဖူးတဲ့ ဝိန်းရွန်းနီကတော့ ကန်တီဟာ အတော်လေးကို ထူးခြားတဲ့ ကစားသမား တဦး ဖြစ်ပြီး ကန်တီဟာ မက်ခီလီလီနဲ့ ယာယာတိုရေးတို့ နှစ်ဦးစလုံးရဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Talksport

ရွန်းနီက – “ပြင်သစ်အသင်းက ကန်တီ အပါအဝင် ကမ္ဘာ့အဆင့် ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်း တသင်းပါ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆိုရင်လည်း ကန်တီက အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ သူက ပြိုင်ဘက် ကစားသမားတွေရဲ့ တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်ခဲ့သလို တိုက်စစ်ဆင်မှု တချို့ကိုပါ လုပ်နိုင်ခဲ့ပါသေးတယ်။ သူ့ရဲ့ ကစားပုံကို မြင်ရတာက ယာယာတိုရေးကို သတိရစေပါတယ်။ ဒါ့အပြင် ကန်တီက ခံစစ်ပိုင်းမှာလည်း မက်ခီလီလီလို ကစားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သူက မက်ခီလီလီနဲ့ ယာယာတိုရေးတို့ ပေါင်းစပ်ထားတဲ့ ကစားသမားပေါ့ဗျာ။ ကန်တီ တယောက် တိုက်စစ်ဆင်နေပြီ ဆိုရင် သူ့ရဲ့ တွဲဖက် ကစားသမားတွေက သူ့ဘေးမှာ ကပ်ပါလာတာကို ခင်ဗျားတို့ မြင်ဖူးကြမှာပါ။ တကယ်ဆိုရင် ကန်တီဆီက ဘောလုံးပျက်သွားရင် ပြန်လည် ဆယ်ယူနိုင်မယ့် နေရာမှာ ကစားသမား တယောက် ရှိနေဖို့ လိုပေမယ့် ကန်တီရဲ့ အသင်းဖော်တွေ ကတော့ ကန်တီကို ယုံကြည်တာကြောင့် ဘယ်တော့မှ ခံစစ်ကြောင်းကို ကာကွယ်ဖို့ မစဉ်းစားကြပါဘူး။ ဒါက သူတို့အတွက် အားသာချက် တခုပါ။ ဒါကြောင့် ကျွန်တော့်အတွက် ကန်တီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။