ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းကပဲ ကမ္ဘာကျော်ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းမှာ သူရဲ့ကျောနံပါတ် (၇)ကိုဆက်ခံခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုထက် ဘာစီလိုနာတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကသာ အကောင်းဆုံး ဘောလုံးသမားတစ်ယောက်လို့ သတ်မှတ်ခဲ့တာ ပရိသတ်တွေလည်း သိကြမယ်လို့ ထင်ပါတယ်။ အခုလည်း ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဝိန်းရူနီကလည်း သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းထက် မက်ဆီကိုသာ အကောင်းဆုံးကစားသမားတစ်ယောက်လို့ သတ်မှတ်လာခဲ့ပြန်ပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီဆိုတာကလည်း ဆယ်စုနှစ်တစ်ခုကျော်ချိန်အထိ ဘောလုံးလောကအတွင်းမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေ အသင်းလိုက်ဆုဖလားတွေကို ရယူနိုင်ခဲ့ကြသူဖြစ်တာကြောင့် ဘောလုံးပရိသတ်များစွာရဲ့ အသည်းကျော်တွေဖြစ်ခဲ့ကြပြီး ဒီ(၂)ယောက်ကြား ဘယ်သူက အကောင်းဆုံးဆိုတဲ့ မေးခွန်းတွေကလည်း ဒီနေ့ဒီချိန်ထိကို မရပ်တန့်သေးပဲ ဆက်လက်ရှိနေပါတယ်။ ဒါပေမယ့် ရူနီကတော့ တစ်ချိန်က သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုထက် မက်ဆီဘောလုံးကစားတာကို ကြည့်ရှရတာ ပိုပြီးသဘောကျတယ်လို့ ဆိုလာခဲ့ပါတယ်။

ရူနီက “ရော်နယ်ဒိုက သူနဲ့ကျွန်တော်တို့ တွဲကစားခဲ့စဉ်တုန်းက သူက ဂိုးသွင်းဖို့အတွက် အာရုံစိုက်ခဲ့တာမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာဖို့တော့ အာရုံစိုက်ထားတယ်ဆိုတာကို ခင်ဗျားလည်း မြင်ခဲ့ရမှာပဲလေ။ သူက ဒါတွေစဖြစ်လာဖို့အတွက် အတော်လေးကို ကြိုးစားအားထုတ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူက မယုံနိုင်စရာကောင်းလောက်အောင် သွင်းဂိုးတွေရယူတတ်သူဖြစ်သွားတယ်။ သူနဲ့မက်ဆီတို့က တကယ့်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေပါ။ ဒါပေမယ့် ကျွန်တော်ရဲ့အသင်းဖော် ရော်နယ်ဒိုထက်စာရင် မက်ဆီကိုပဲ ကျွန်တော်ပိုရွေးချယ်ချင်တယ်။ ကျွန်တော်က ဇာဗီတို့ ပေါလ်စခိုးတို့ ကစားတာကိုကြည့်ရတာ အရမ်းသဘောကျတာ။ မက်ဆီကစားတာကိုကြည့်ရတာ အဲ့ဒီခံစားချက်အတိုင်းပဲ။ ကျွန်တော် မက်ဆီရဲ့ဂိုးတွေကို မမှတ်မိတော့ပေမယ့် သူ့အတွက် သွင်းဂိုးရဖို့ဆိုတာက အရမ်းကို လွယ်ကူလွန်းနေသလိုပဲ။ ရော်နယ်ဒိုက ပင်နယ်တီဧရိယာထဲမှာ လူသတ်သမားတစ်ယောက်လိုပဲ။ ဒါပေမယ့် ပိုဆိုးတာက မက်ဆီက သင့်ကိုမသတ်ခင်မှာ ညင်းပန်းနှိပ်စက်နေဦးမှာ” လို့ ပြောဆိုသွားခဲ့ပါတယ်။