ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့ နည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီ ကတော့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းအနက် လီဗာပူးကသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားမယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေကြတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး အဆင့်၁ မန်ချက်စတာ စီးတီးနဲ့ အဆင့်၂ လီဗာပူးတို့ရဲ့ ကြားမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိနေပါတယ်။

Photo Credit: Express

ဒါကြောင့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းအနက် ဘယ်အသင်းက ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးတဲ့ အထိ စောင့်ကြည့်ရဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းတဲ့ လူတွေ ရှိနေသလို လီဗာပူးက မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်မယ်လို့ တထစ်ချ ယုံကြည်တဲ့ လူတွေလည်း ထုနဲ့ထေးပါပဲ။

ဒါဘီနည်းပြ ဝိန်းရွန်းနီကတော့ လီဗာပူးက မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်မယ် ဆိုတာကို ယုံကြည်တဲ့ လူတွေထဲမှာ ပါဝင်နေပြီး ရွန်းနီက လီဗာပူးနဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးကို ကြည့်မရပေမယ့် လီဗာပူးကပဲ ချန်ပီယံ ဖြစ်သွားမယ်လို့ ခံစားနေရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဝိန်းရွန်းနီက – “အဲ့ဒီနှစ်သင်းထဲက ဘယ်အသင်းကိုမှ ချန်ပီယံ အဖြစ်နဲ့ မမြင်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးကပဲ ချန်ပီယံဆုကို ရသွားမယ်လို့ ထင်နေပါတယ်။ လီဗာပူးက ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ အကောင်းဆုံး ခြေစွမ်းကို ရထားသလို အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်မှာ မန်ချက်စတာ စီးတီးကို အနိုင်ယူထားတာကလည်း သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို ပိုပြီး တက်ကြွစေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ လီဗာပူးကပဲ ချန်ပီယံ ဖြစ်သွားမယ်လို့ ခံစားနေရပါတယ်။ ကျွန်တော်က အဲ့ဒီလိုတော့ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် မန်ချက်စတာ စီးတီး ချန်ပီယံ ဖြစ်ပါစေလို့ မျှော်လင့်နေပါတယ်” ဆိုပြီး သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။