ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပိုးပြသာနာကြောင့် တစ်ကမ္ဘာလုံးမှာ အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်နေရသလို လုပ်ငန်းတွေအများစုကိုလည်း ရပ်နားထားခဲ့ရတာကြောင့် စီးပွားရေးကျပ်တည်းမှုတွေပါ နောက်ဆက်တွဲဖြစ်ပေါ်လာခဲ့ရပြီး ကပ်ဆိုးကြီးမပြီးမချင်း စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိလို့နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဘောလုံးအသင်းများစွာကလည်း သူတို့ရဲ့ ကစားသမားတွေကို ပုံမှန်ပေးချေနေကြ လစာတွေထဲကနေ ရာခိုင်နှုန်းအနည်းငယ် လျှော့ချမှုတွေ ပြုလုပ်လာခဲ့ရာ ကစားသမားများစွာက သဘောတူခဲ့ပေမယ့် တချို့ကစားသမားတွေကတော့ ကန့်ကွက်မှုတွေကို ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : Daily Mail

လတ်တလောမှာလည်း ချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်တဲ့ ဒါဘီကောင်တီအသင်းကနေ ဘဏ္ဍာရေးအခက်အခဲကြောင့် ကစားသမားအားလုံးကို လစာ(၅၀%)အထိ လျှော့ချမယ်လို့ ဆုံးဖြတ်ချက်ချလာခဲ့ရာ ဒါဘီအသင်းရဲ့ ကစားသမားနည်းပြဖြစ်သူ ဝိန်းရူနီကိုယ်တိုင်က စတင်ကန့်ကွက်လာခဲဲ့ပါတယ်။ ဒါဘီရဲ့ဝါရင့်တိုက်စစ်မှူးဖြစ်တဲ့ ရူနီဟာ တစ်သင်းသားလုံးရဲဲ့ကိုယ်စား လစာထက်ဝက်အထိ လျှော့ချမယ့်အစီအစဉ်ကို ကန့်ကွက်မှုတွေ စတင်ပြုလုပ်ခဲ့ပြီး (၂၅%) လျှော့ချမှုကိုသာ လက်သင့်ခံနိုင်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Union Journal

ရူနီဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖွဲ့အစည်း PFA ရဲ့အကြီးအကဲဖြစ်သူ ဂေါ်ဒွန်တေလာနဲ့ တွေ့ဆုံပြီး ဘောလုံးသမားတွေအပေါ် လစာများစွာ လျှော့ချနေတဲ့ကိစ္စတွေနဲ့ပတ်သက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို သူ့လို ကစားသမားမျိုးကို လစာဘယ်လောက်ပဲ လျှော့ယူလျှော့ယူ ကိစ္စမရှိပေမယ့်လည်း တချို့ကစားသမားတွေအတွက်ကတော့ ဘဝရပ်တည်ချက်တွေအတွက် ထိခိုက်နိုင်တာဖြစ်လို့ ဒါဘီအသင်းရဲ့အစီအစဉ်ကို လက်ခံစရာမရှိဘူးလို့ တုန့်ပြန်ပြောဆိုလာခဲဲ့ပါတယ်။ လက်ရှိမှာ အသင်းတော်တော်များများက လစာလျှော့ချမှုတွေကို ဆက်တိုက်ပြုလုပ်နေကြပေမယ့်လည်း ဒါဘီလိုမျိုး (၅၀%)လောက် လျှော့ချမှုတွေကတော့ မရှိသလောက်ရှားပြီး ဒါမျိုးတွေအထိ လုပ်ဆောင်လာမယ်ဆိုရင်လည်း အသင်းသားတွေဘက်ကနေ လက်ခံကြဖွယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားဖြစ်သူ အိုဇေးကတော့ အသင်းရဲ့ နည်းပါးလှတဲ့ လစာလျှော့ချမှုကို လက်ခံခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။