မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီကတော့ လက်ရှိရာသီ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြီးအောင် ကစားပြီး လီဗာပူးလ်အသင်းအနေနဲ့ ဖလား ရရှိသင့်ပါတယ်လို့ ပြောသွားပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိနိုင်ဖို့ နောက်ထပ် ရမှတ် (၆) မှတ်သာ လိုအပ်တော့တဲ့ အချိန်မှာပဲ ပွဲစဉ်တွေကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။

 

Photo Credit: Goal

မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီကတော့ လီဗာပူးလ်အသင်းဟာ အလွန် ကြိုးစားခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ ထိုက်တန်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ တိုက်စစ်မှူး ရွန်နီဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က ကစားသမားဘဝမှာ အအောင်မြင်ဆုံး အချိန်ကို ပိုင်ဆိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား (၅) ကြိမ် ရရှိခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်မှာတော့ ချန်ပီယံရှစ် ပြိုင်ပွဲက ဒါဘီကောင်တီအသင်းမှာ ကစားနေလျက် ရှိပြီး လက်ရှိရာသီကို ပြီးအောင် ကစားသင့်ပါတယ်လို့ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ရွန်နီက “လက်ရှိအချိန်မှာ ဘာဖြစ်နေတာလဲ ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အက်ဖ်အေ အနေနဲ့ လိဂ်ပြိုင်ပွဲကို ပြီးအောင် ကစားနိုင်ဖို့ ကူညီသင့်ပါတယ်။ ဒါမှပဲ တရားမျှတမှာပါ။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဖလား ရသင့်ပါတယ်။ သူတို့ အလွန် ကောင်းခဲ့ပါတယ်။ သူတို့ အလွန် ကြိုးစားခဲ့ကြပါတယ်။ သူတို့ ဆုဖလားနဲ့ ထိုက်တန်ပါတယ်။ နှစ် (၃၀) ကြာအထိ စောင့်ခဲ့ပြီးမှ မရဘူး ဆိုရင် ဖြစ်သင့်လား။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သင့်ပါတယ်။ တန်းဆင်း၊ တန်းတက်၊ ချန်ပီယံလိဂ် ဝင်အသင်းတွေကိုလည်း မှန်ကန်စွာ ဆုံးဖြတ်ပေးရပါမယ်။ ပြဿနာက ကြီးတာကြောင့် လက်ရှိရာသီကို ပြီးအောင် မကစားဘူးဆိုရင် ဥပေဒေအရ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ရာသီကို ပြီးအောင် ကစားမှ မျှတမှာပါ”လို့ အခိုင်အမာ ပြောသွားပါတယ်။