MySport Myanmar

ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေတဲ့ ဝိန်း ရွန်နီ

အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း ဒီစီ ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ဝိန်း ရွန်နီက လက်ရှိမှာတော့ အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အလွန် ရေပန်းစားလျက် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်း ရွန်နီဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် နည်းပြနယ်ပယ်ထဲကို ဝင်ရောက်ခဲ့ချိန် အခုဆိုရင် နည်းပြဘဝရဲ့ ဒုတိယမြောက် ကလပ် ဒီစီ ယူနိုက်တက်နဲ့ပါ ထပ်မံ လမ်းခွဲရဖွယ် ရှိနေရပါတယ်။

Photo Credit : Marca

ရွန်နီဟာ ဒါဘီကောင်တီအသင်းမှာ ပါဝင်ကစားနေရင်းနဲ့ ဘောလုံးသမားဘဝကို ရုတ်တရက် အနားယူလိုက်ပြီး ဒါဘီမှာပဲ နည်းပြဘဝနဲ့ ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။ ဒါဘီအသင်းကို လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရွန်နီက ဒါဘီကို လမ်းခွဲခဲ့ပါတယ်။

ဒါဘီနဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက် ကစားသမားဘဝတုန်းက ကျင်လည်ခဲ့ဖူးတဲ့ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူခဲ့တဲ့ ရွန်နီဟာ အသင်းအတွက် ရလဒ်ကောင်းတွေ ရယူပေးထားနိုင်ခြင်း မရှိလို့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်လာခဲ့ပါတယ်။

Photo Credit : Sporting News

ရွန်နီ နဲ့ ဒီစီ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက အခုနှစ် မေဂျာလိဂ် ဘောလုံးရာသီအကုန်မှ ပြီးဆုံးမှာ ဖြစ်ပေမယ့်လည်း အခုတစ်ပတ်ရဲ့ မေဂျာလိဂ် ပွဲစဉ်အပြီးမှာပဲ လက်တွဲဖြုတ်ကြဖွယ် ရှိနိုင်ပြီး ရွန်နီဟာလည်း အင်္ဂလန်ကိုသာ ပြန်သွားဖို့ ရှိနေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရွန်နီက ဒီစီနဲ့ လမ်းခွဲချိန်မှာပဲ နောက်ထပ် အသင်းတစ်သင်းကို ချက်ချင်း ကိုင်တွယ်ရဖွယ်လည်း ရှိနေပါတယ်။ အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းက ရွန်နီကို သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ဆန္ဒရှိနေပြီး ရွန်နီကလည်း လက်ခံသွားဖွယ် ရှိနေပါတယ်။

Exit mobile version