MySport Myanmar

နည်းပြအလုပ်ကို ဘယ်တော့မှ ထပ်မလုပ်သင့်တော့ဘူးလို့ ပြောဆိုခံနေရတဲ့ ရွန်နီ

မနေ့က နောဝစ်ချ် စီးတီးအသင်းကို (၆)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အရှုံးပေးခဲ့ရတဲ့ ချန်ပီယံရှစ် ပွဲစဉ်အပြီးမှာပဲ ပလိုင်းမောက် အသင်းပရိသတ် တချို့က ပလိုင်းမောက်အသင်းရဲ့ နည်းပြဖြစ်သူ ဝိန်း ရွန်နီဟာ နည်းပြအလုပ်ကို ဘယ်တော့မှ မလုပ်သင့်တော့ဘူးလို့ပါ ပယ်ပယ်နယ်နယ် ပြောဆို ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ နည်းပြ ရွန်နီဟာ ဘောလုံးသမားဘဝတုန်းက အကောင်းဆုံး အခြေအနေတွေနဲ့ အောင်မြင်နိုင်ခဲ့သလောက် နည်းပြနယ်ပယ်ထဲ ခုန်ကူးလာချိန်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရသလို အခုလည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြန်ပါတယ်။

Photo Credit : Youtube

ဒါဘီကောင်တီမှာ နည်းပြဘဝကို စတင်ခဲ့တဲ့ ရွန်နီဟာ ဒီစီယူနိုက်တက် ဘာမင်ဂမ်တို့ကိုပါ ကိုင်တွယ်ခဲ့ပြီး လက်ရှိတော့ ပလိုင်းမောက်နည်းပြအဖြစ် တာဝန်ယူနေပါတယ်။ လက်ရှိမှာ ရွန်နီက ပလိုင်းမောက်ကို ပွဲပေါင်း (၁၉)ပွဲအထိ ကိုင်တွယ်ထားပြီး နိုင်ပွဲ (၅)သာ ရထားသေးသလို သရေပွဲ (၅)ပွဲနဲ့ ရှုံးပွဲက (၉)ပွဲအထိတောင် ရှိနေပါတယ်။

မနေ့ကလည်း နောဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာပါ ရွန်နီရဲ့ ပလိုင်းမောက်အသင်းက မရှုမလှ ရှုံးပွဲကြီးနဲ့ပါ ကြုံတွေ့ခဲ့ရလို့ အမှတ်ပေးဇယား အဆင့်(၂၀)ကိုပါ ရောက်ရှိနေရတဲ့အပြင် တန်းဆင်းဇုန်က အသင်းတွေနဲ့ အမှတ်သိပ်မကွာတော့တဲ့ အနေအထားတွေအထိ ရောက်သွားခဲ့ရပါတယ်။

Photo Credit : BBC

ဒီအခြေအနေမှာ ရွန်နီရဲ့ အနာဂတ်က လုံးဝ မသေချာတော့တဲ့အပြင် ပလိုင်းမောက် ပရိသတ်တွေကလည်း သူတို့ နည်းပြဖြစ်သူ ရွန်နီနဲ့ ပတ်သက်ပြီး “ဝိန်း ရွန်နီကို ရာထူးက ထုတ်ပယ်သင့်ပါပြီ။ ပြီးရင် သူက နည်းပြအလုပ်ကို ဘယ်တော့မှ မလုပ်သင့်တော့ဘူး။ သူ ဒီအလုပ်ကို မလုပ်နိုင်ဘူးဆိုတာ သိသာပါတယ်။” “ရွန်နီက မကြာခင်မှာပဲ အထုတ်ခံရတော့မှာပါ။”

“ရွန်နီက အင်္ဂလန် ဘောလုံးနယ်ပယ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တယ် ဆိုပေမယ့် အခုက သူ့ထက်စာရင် ဖရန့် လမ်းပတ်ကတောင် သူ့ထက် ပိုအရည်အချင်းရှိတဲ့ နည်းပြ ဖြစ်နေပါဦးမယ်။” “ပလိုင်းမောက်ခံစစ်ထက် ကျောင်းအသင်းရဲ့ခံစစ်ကတောင် ပိုကောင်းနေဦးမယ်။ ရွန်နီက ငါတို့အသင်းအတွက် အဖြေမဟုတ်ပါဘူး။” လို့ ပြောဆို ဝေဖန်နေကြပါတယ်။

Exit mobile version