မန်ယူ တိုက်စစ်မှူးဟောင်း လက်ရှိ ဒါဘီ တိုက်စစ်မှူး ရွန်နီကတော့ ယနေ့ည ကစားရမယ့် အက်ဖ်အေ ဖလား ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ရပြီး အောင်ပွဲခံချင်တယ်လို့ ပြောပါတယ်။ ရွန်နီရဲ့ ဒါဘီအသင်းဟာ ယနေ့ည (၂း၁၅) အချိန်မှာ မန်ယူအသင်းနဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ရှုံးတဲ့ အသင်းက ပြိုင်ပွဲက ထွက်ရမှာ ဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းဟာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပါဝင်ကစားနေပြီး ချန်ပီယံရှစ် ပွဲစဉ် (၃၆) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၄၈) မှတ်နဲ့ အဆင့် (၁၃) နေရာမှာ ရပ်တည်လျက် ရှိပါတယ်။

Photo Credit: talkSPORTS

ရွန်နီဟာ တစ်ချိန်က မန်ယူအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ယနေ့ည ကစားသွားမယ့် ပွဲစဉ်မှာ ဒါဘီကောင်တီအသင်းရဲ့ အသင်းခေါင်းဆောင် နဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပါတယ်။ ရွန်နီဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က သွင်းဂိုး (၂၅၃) ဂိုး သွင်းယူခဲ့ပြီး မန်ယူအသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်သလို ပရီးမီးယားလိဂ် ဖလား (၅) ကြိမ် ရရှိနိုင်ခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး ရွန်နီကတော့ ယနေ့ည ကစားမယ့် ပွဲစဉ် မတိုင်ခင် talkSPORT သတင်းနဲ့ အမေးအဖြေ ပြုလုပ်ရာမှာ မန်ယူအသင်းကို ရှုံးနိမ့်တာ လိုချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: talkSPORTS

ရွန်နီဟာ ယနေ့ည မန်ယူအသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ်မှာ ဂိုးသွင်းရင် အောင်ပွံခံမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက ” သေချာတာပေါ့။ ကျွန်တော်က ဒါဘီကောင်တီ ကစားသမားပါ။ ဒီနေ့ည ပွဲစဉ်က ဒါဘီပရိသတ်တွေ၊ ဒါဘီကစားသမားတွေ နဲ့ ဒါဘီအသင်းဝန်ထမ်းတွေအတွက် အများကြီး အရေးကြီးပါတယ်။ သေချာတာပေါ့။ ကျွန်တော် ဂိုးသွင်းရင် အောင်ပွဲခံမှာပေါ့”လို့ ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး ရွန်နီက မန်ယူအသင်းကို အနိုင်ရရှိချင်တဲ့ အကြောင်းကို talkSPORT မှာ သူက “မန်ယူအသင်းဟာ ကျွန်တေ်ာ ချစ်မြတ်နိုးတဲ့ အသင်းပါပဲ။ ကျွန်တော် အဲဒီအသင်းမှာ ကစားခဲ့တဲ့ အချိန်တွေကို ချစ်မြတ်နိုင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ည ကစားရမယ့် ပွဲစဉ်က မိနစ် (၉၀) ဒါမှမဟုတ် မိနစ် (၁၂၀)၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် မန်ယူအသင်းကို ရှုံးနိမ့်တာပဲ လိုချင်ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။