ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းမှာ ကာလရှည်ကြာ ကစားခဲ့ဖူးကာ အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့ဖူးတဲ့ အင်္ဂလန်သားကြီး ဝိန်းရွန်းနီကတော့ သူဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး မဟုတ်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ လက်ရှိမှာ ချန်ပီယံရှစ် အသင်းတစ်သင်းဖြစ်တဲ့ ဒါဘီ အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန် ယူထားတဲ့ ဝိန်းရွန်းနီဟာ မန်ယူအသင်း ၊ အင်္ဂလန်အသင်းတို့မှာ တိုက်စစ်မှူးအဖြစ် ကစားကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းကောင်းတွေ ရရှိထားပေမယ့် ဒါဘီ အသင်းမှာတော့ ကွင်းလယ်လူအဖြစ်သာ ကစားနေပြီး သူဟာ ဘာ့ကြောင့် ကွင်းလယ်လူ အဖြစ် ကစားနေလဲဆိုတာကို သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေတဆင့် ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၃၄နှစ်အရွယ် ဝိန်းရွန်းနီဟာ မန်ယူ အသင်းမှာ စုစုပေါင်း ၅၅၉ပွဲအထိ ကစားပေးခဲ့ကာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၅၃ဂိုးအထိ သွင်းယူကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သူဖြစ်ပြီး အင်္ဂလန်အသင်းမှာလည်း စုစုပေါင်း ၁၂၀ပွဲအထိ ကစားခဲ့ရာမှာ သွင်းဂိုး ၅၀ဂိုးကို သွင်းယူနိုင်ခဲ့ကာ အင်္ဂလန် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ နိုင်ငံအသင်းမှာရော သူ့ဘဝရဲ့ အရေးအကြီးဆုံး အသင်းလို့ ပြောလို့ရတဲ့ မန်ယူနိုက်တက် အသင်းမှာပါ ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားပေမယ့် ဝိန်းရွန်းနီက သူဟာ ဂိုးသွင်းတော်တဲ့ တိုက်စစ်မှူး မဟုတ်ကြောင်းနဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ရရှိတာဟာ အသင်းနှစ်သင်းစလုံးမှာ သူကစားခဲ့တဲ့ အချိန်တွေဟာ အရမ်းကို ရှည်ကြာလွန်းခဲ့တာကြောင့်လို့ ဆိုသွားပါတယ်။

Photo Credit: Metro.com

ဝိန်းရွန်းနီက ” ကျွန်တော် အရိုးသားဆုံး ပြောရရင် ခင်ဗျားတို့က နည်းနည်းတော့ အံ့အားသင့် သွားလိမ့်မယ်ဗျ။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ဦး မဟုတ် ခဲ့ပါဘူး။ ကျွန်တော်က မန်ယူနိုက်တက် အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတာကြောင့် တော်တော်လေး ဂုဏ်ယူမိပေမယ့် အဲ့ဒီမှာ ကျွန်တော့်ထက် ကောင်းတဲ့ နံပါတ်၉ ကစားသမားတွေ ရှိခဲ့ပါတယ်။ ကျွန်တော်က ဂိုးသွင်းကောင်းတဲ့ ကစားသမား မဟုတ်ပေမယ့် ဘာ့ကြောင့် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေရလဲဆိုတဲ့ မေးခွန်းလေးတစ်ခုတော့ ရှိပါတယ်။ အချိန်ကြောင့်ပါ။ ကျွန်တော်ဟာ မန်ယူအသင်းမှာ ၁၃နှစ် ကစားခဲ့ပြီး အင်္ဂလန်အသင်းမှာတော့ ၁၅နှစ် ကစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်ကြည့်ရရင်တော့ ကျွန်တော် ဟာ ဒီထက်ပိုပြီး ဂိုးတွေ ပိုသွင်းနိုင်သင့်ပါတယ် ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ​။