မန်ယူအသင်းက ဒါဘီအသင်းကို အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိဆိုတ​ဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲဟာ မန်ယူပရိသတ်တွေအတွက် အသင်းရဲ့ သက်ရှိဂန္တဝင်လို့ တင်စားလို့ရမယ့် ဝိန်းရွန်းနီကို တစ်ဖက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပြန်လည် မြင်တွေ့ရတာက အနည်းငယ်တော့ ကြေကွဲစရာ ဖြစ်ခဲ့ပါလိမ့်မယ်။ ရွန်းနီဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို မန်ယူအသင်းအတွက် ပေးဆပ်ခဲ့သူဖြစ်ပြီး နည်းပြ အလှည့်အပြောင်းတွေကြားထဲမှာ အသင်းကို စွန့်ခွာခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝိန်းရွန်းနီဟာ မန်ယူအသင်းကို သံယောဇဉ်မပြတ်သေးကြောင်း သူ့ရဲ့ ပွဲကြို ၊ ပွဲပြီး ပြောစကားတွေအရ သိရှိရပါတယ်။

Photo Credit: Standard.com

ဒါဘီအသင်းနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ မန်ယူရဲ့ ခြေစွမ်းတွေကို သဘောကျနေတဲ့ ဝိန်းရွန်းနီဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူထံကို ရောက်ရှိလာခဲ့အပြီး ချက်ချင်းဆိုသလိုပဲ အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ ပေါလ်စခိုးနဲ့ ယှဉ်ကာ ချီးကျူးခဲ့တယ်လို့ အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ရွန်းနီဟာ အဆိုပါချီးကျူးမှုကို အင်တာဗျူးတွေမှာ ပြောသွားခဲ့တာ မဟုတ်ပဲ သူနဲ့ နီးစပ်တဲ့သူတွေကိုသာ ပြောပြသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါသူတွေထဲမှာ သတင်းသမားတွေလည်း ပါဝင်တာကြောင့် ရွန်းနီရဲ့စကားတွေကို အခုလို ပြန်သိခဲ့ရတာလဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ရွန်းနီနဲ့ နီးစပ်တဲ့သတင်းသမားတွေက ” ရွန်းနီက မန်ယူအသင်းရဲ့ ကစားပုံကောင်းတွေကို အခုလို ပြန်မြင်တွေ့ရတာကို ဝမ်းသာနေပါတယ်။ သူက အသင်းကိုလဲ တော်တော်လေး ချစ်ပါတယ်။ သူက ဖာနန်ဒက် ကို တော်တော်လေး သဘောကျနေပြီး ဖာနန်ဒက်ရဲ့ ခြေစွမ်းတွေက အသင်းဖော်တွေကို တိုးတက်စေတယ် လို့ ပြောခဲ့ပါတယ်။ ရွန်းနီက အခုချိန်မှာ ဖာနန်ဒက်ရဲ့ ခြေစွမ်းကို ပေါလ်စခိုးနဲ့ နှိုင်းယှဉ်ဖို့ ခက်ခဲနေပေမယ့် သူ့ရဲ့ကစားပုံက ပေါလ်စခိုးကို အမှတ်ရစေတယ်လို့ ပြောပြသွားခဲ့ပါတယ် ” လို့ သူတို့ရဲ့ သတင်းဌာနတွေကနေတဆင့် ပြန်ပြောင်း ပြောပြသွားခဲ့ကြတာပါ။