MySport Myanmar

အုပ်စုနောက်ဆုံးပွဲမှာ ဆာကာကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်မှာကို စိုးရိမ်မိတယ်လို့ ရွန်ဆို ဆို

အင်္ဂလန် ကစားသမားဟောင်းကြီး ဝိန်း ရွန်နီက အင်္ဂလန်နဲ့ ဆလိုဗေးနီးယားအသင်းတို့ ယှဉ်ပြိုင်သွားရမယ့် ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်အနေနဲ့ ကစားသမား အပြောင်းအလဲ လုပ်ရင်းနဲ့ ဘူကာယို ဆာကာကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်တာမျိုး လုပ်လာမှာကို စိုးရိမ်မိတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်နေပြီး ဆာဘီးယားကို အနိုင်ရထားပေမယ့် ဒိန်းမတ်ကိုတော့ တစ်ဂိုးစီသရေသာကျထားသလို အဲ့နှစ်ပွဲလုံးမှာလည်း အင်္ဂလန်အသင်းရဲ့ ကစားပုံက လိုအပ်ချက်တွေ ရှိနေရကာ နည်းပြ ဆောက်ဂိတ်ရဲ့ နည်းစနစ်တွေ ကစားသမား အသုံးပြုပုံတွေက မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ အင်္ဂလန်တို့ အုပ်စုက အင်္ဂလန်က (၄)မှတ် ရထားပြီး ကျန်တဲ့ (၃)သင်းလုံးက နိုင်ပွဲမရှိသေးပဲ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားတို့က ရမှတ် (၂)မှတ်စီ အဆင့် (၂) (၃)တွေ ရပ်တည်နေကြသလို ဆာဘီးယားကတော့ ရမှတ် (၁)မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။ အင်္ဂလန်အနေနဲ့ကတော့ (၄)မှတ်ထိ ရထားလို့ အုပ်စုတက်ဖို့က အခြေအနေကောင်းနေရေပေမယ့်လည်း အုပ်စုဗိုလ်နေရာ ရရှိဖို့ဆိုတာကတော့ ဆလိုဗေးနီးယားနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေရပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဆာဘီးယား ဒိန်းမတ်တွေနဲ့ပွဲမှာ တူညီတဲ့ ပွဲထွက်ကစားသမားစာရင်းကိုပဲ အပြောင်းအလဲမရှိ အသုံးပြုခဲ့ပေမယ်လည်း လာမယ့် အုပ်စုနောက်ဆုံးပွဲမှာတော့ ကစားသမားတွေ အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်သလို ကစားသမားတချို့ကိုပါ ပွဲထွက်လူစာရင်းကနေလည်း ချန်လှပ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Metro

ဒီအခြေအနေမှာ ဆောက်ဂိတ်က တိုက်စစ်မှာ ပုံမှန် အသုံးပြုနေကြ ဖိုဒန် ဟယ်ရီကိန်း ဆာကာ အတွဲအဖက်ကိုမှ ဖိုဒန်ကို ညာတောင်ပံဆီပို့ပြီး ဆာကာကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ ဘယ်တောင်ပံအခြမ်းမှာ အန်တိုနီ ဂေါ်ဒွန်ကို ထည့်သွင်း အသုံးပြုလာဖို့ ရှိနေခြင်းအပေါ် ရွန်နီက စိုးရိမ်မိတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“ဂါရတ် ဆောက်ဂိတ်က ဖေးလ် ဖိုဒန်ကို ညာဘက်ရွှေ့သုံးပြီး ဆာကာကို လူစာရင်းကနေ ထုတ်လိုက်မယ် တိုက်စစ်(၃)ယောက်တန်းမှာ အန်တိုနီ ဂေါ်ဒွန်ကို ထည့်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုရင်တော့ ဒီလိုလုပ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆာကာကို တကယ်ကောင်းတယ်လို့ ထင်ပါတယ်။ သူက ဖန်တီးမှုကောင်းတွေ ရှိတက်ပြီးတော့ ဧရိယာထဲကိုလည်း ကောင်းမွန်တဲ့ ပေးပို့မှုတွေ လုပ်ဆောင်နိုင်လို့ပါ။” လို့ ရွန်နီက သူ့အမြင်ကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version