မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်ပြီး ယခုလက်ရှိ ဒါဘီ ကောင်တီ အသင်းရဲ့ ယာယီ နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း ဝိန်းရွန်းနီ ဟာ လာမယ့် ခရစ္စမတ်နေ့မှာ ကလေးတွေ အတွက် Childline ကိုဖွင့်ပေးဖို့ရာ အတွက် ပေါင် ၇၅,၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ Childline ဆိုတာကတော့ အင်္ဂလန် နဲ့ UK မှာ ရှိတဲ့ အနိုင်ကျင့်ခံနေရတဲ့ ကလေးတွေနဲ့ စိတ်ထိခိုက်ခံစားနေရတဲ့ ဆယ်ကျော်သက်အရွယ်တွေ အတွက် အကူအညီပေးနေတဲ့ ဖုန်းလိုင်းတစ်မျိုး ဖြစ်ပါတယ်။ Childline တည်ရှိနေတာဟာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီ ဖြစ်ပြီး ယခု လက်ရှိအချိန်ထိ ကလေးတွေရဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဝိန်းရွန်းနီ ကတော့ အခုလို လှူဒါန်းရတာနဲ့ ပတ်သက်ပြီး “ ခရစ္စမတ်နေ့ ကို ကြောက်လန့်နေသေးတဲ့ ကလေးငယ်တွေ ရှိနေသေးတယ်ဆိုတာကို သိလိုက်ရတော့ အလွန်ကိုမှ စိတ်မကောင်း ဖြစ်မိပါတယ်။ အခု ကပ်ရောဂါကြီးက လူငယ်တွေရဲ့ ဘဝတွေအပေါ်မှာ အကြီးအကျယ် သက်ရောက် ပျက်စီးစေပါတယ်။ ဒါကြောင့်မို့ အရေးကြီးဆုံးကတော့ လူငယ်တွေ အနေနဲ့ တစ်ခုခု လိုအပ်လာပြီ ဆိုရင် Childline ရှိနေဖို့က အရေးကြီး ဆုံးပါပဲ။ ကူးစက်ရောဂါ က ကျွန်တော်တို့ အနေနဲ့ NSPCC နဲ့ Childline ကို အရင်ကထက် ပိုလိုအပ်နေတယ် ဆိုတာကို ပြသနေတာကြောင့် ကျွန်တော့် အနေနဲ့ NSPCC ရဲ့ Here for Children ခရစ္စမတ် အယူခံဝင်မှုကို အပြည့်အဝ ထောက်ခံပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Mail

NSPCC အဖွဲ့အစည်းက Here for Children ခရစ္စမတ် အယူခံဝင်မှု အတွက် တောင်းဆိုထားပြီးတော့ အားလပ်ရက်ရှည် အတွင်း ဖြစ်ပေါ် လာနိုင်တဲ့ စိတ်ဖိစီးမှုတွေ အပေါ်မှာ အစိုးရကို သတိပေး ပြောဆိုထားပါတယ်။ မကြာခင်မှာ ခရစ္စမတ်အတွက် အားလပ်ရက်ရှည်တွေ ရရှိမယ့် အချိန် ရောက်လာတော့မှာ ဖြစ်ပြီးတော့ လူတွေ အနေနဲ့ ရောဂါ အခြေအနေတွေ၊ လော့ဒေါင်း ချခံထားရတာတွေကြောင့် စိတ်ဖီစီးမှုတွေ မြင့်တက်လာနိုင်ပြီး ကလေးတွေ အတွက် အန္တရာယ် ပိုရှိလာနိုင်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ရွန်းနီဟာ NSPCC အဖွဲ့အစည်း အတွက် သူ့ရဲ့ ဖောင်ဒေးရှင်းကနေ တစ်ဆင့် ပေါင် ၄၂၅,၀၀၀ အထိ လှူဒါန်းခဲ့ပြီး ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ငါးနှစ်စလုံး မှာလည်း အဆိုပါ အဖွဲ့အစည်းရဲ့ သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ရွန်းနီဟာ လာမယ့် နှစ်တွေမှာလည်း ကလေးငယ်တွေအတွက် ပရဟိတ ကူညီဖို့အတွက် ပေါင် ၁ သန်း အထိ လှူဒါန်း သွားမယ်လို့ ကတိပေး ပြောဆိုထားပါတယ်။