အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင် ထားကာ သက်ရှိ ဂန္တဝင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ဝိန်းရွန်းနီ ကတော့ လက်ရှိမှာ နည်းပြလောကထဲကို ခြေတစ်လှမ်း စတင် လှမ်းနိုင်ခဲ့ပြီ လို့ သိရပါတယ်။ အသက် ၃၅နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးဟောင်း ရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းမှာ ကစားနေသူ ဖြစ်ပြီး ဒါဘီအသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ကွတ်ချူးကို ရာထူးကနေ ထုတ်ပယ်ခဲ့ချိန်မှာ ရွန်းနီကို အသင်းရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Express

ဝိန်းရွန်းနီဟာ ဒါဘီအသင်းဆီ ရောက်ရှိစဉ် ကတည်းက ကစားသမား + နည်းပြအဖွဲ့ဝင် ရာထူးနဲ့ ရှိနေသူ ဖြစ်ပြီး လက်ရှိမှာတော့ နည်းပြထိုင်ခုံပေါ်ကိုပါ ရောက်သွားခဲ့ပါပြီ။ အင်္ဂလန် သတင်းဌာနတွေရဲ့ အဆိုအရ ရွန်းနီဟာ လာမယ့် စနေနေ့မှာ ကစားမယ့် ဘရစ္စတိုးလ် စီးတီးနဲ့ ကစားမယ့် ပွဲစဉ်မှာ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်ကို စတင် ကိုင်တွယ်တော့မှာပါ။ သတင်းတွေ အရတော့ ရွန်းနီဟာ အင်္ဂလန် ဂိုးသမားဟောင်း ဂစ်ဗင် ၊ ဂျက်စတင် ဝေါ်ကာ ၊ ရိုဆန်နော တို့နဲ့အတူ ဒါဘီအသင်းကို ပူးတွဲ ကိုင်တွယ် ရမှာ ဖြစ်ပြီး အဆိုပါ နည်းပြအဖွဲ့ကို ခေါင်းဆောင်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါဘီအသင်းရဲ့ ယာယီနည်းပြ ဖြစ်လာတဲ့အပေါ် သူ့ရဲ့ ခံစားချက်တွေကို ရွန်းနီက အခုလိုပဲ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

“ဖိလစ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ အသင်းကနေ ထွက်ခွာသွားတဲ့ အတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော့်ကို ကူညီခဲ့တာတွေရော ၊ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ခေါ်ယူခဲ့တာတွေ အတွက်ရော ကျွန်တော် သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ အရေးအကြီးဆုံး ကတော့ အသင်းကို တည်ငြိမ်အောင် ထားဖို့နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို အရောက်လှမ်းဖို့ပါပဲ။ ကျွန်တော်က လာမယ့် စနေနေ့မှာ ကစားရမယ့် ဘရစ္စတိုးလ် စီးတီးနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ဖို့ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကစားသမားတွေနဲ့ တွေ့ဆုံပြီး စကား ပြောဆိုသွားမှာပါ”