ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေကြောင့် ထပ်တိုး အမှတ်လျော့ ပြစ်ဒဏ်တွေ ထပ်မံ ကျခံရဖို့ ရှိနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အင်္ဂလန်မှာ လူသိများတဲ့ အသင်းတွေထဲက တသင်း ဖြစ်တဲ့ ဒါဘီအသင်းဟာ ဝိန်းရွန်းနီရဲ့ ဦးဆောင်မှုနဲ့ အတူ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၇ပွဲ ကစား ၃ပွဲနိုင် ၉ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၈မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ ၁၂မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံထားရတာကြောင့် ရမှတ်၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

Photo Credit: Daily Mail

ဒါဘီအသင်းဟာ အက်ဖ်အေက ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ် ဆိုတဲ့ စွဲချက်ကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရပြီး စစ်ဆေးမှု အပြီးမှာပဲ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားတာကြောင့် ရမှတ် ၁၂မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။

ဒါပေမယ့် အက်ဖ်အေရဲ့ ဒါဘီအသင်း အပေါ် အရေးယူမှုတွေဟာ ရပ်တန့်ခြင်း မရှိသေးပဲ ဒါဘီအသင်းရဲ့ ဝင်ငွေ ၊ ထွက်ငွေတွေကို စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ရာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ထပ်မံ တွေ့ရှိတာကြောင့် နောက်ထပ် ရမှတ် ၉မှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်ဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Photo Credit: Daily Mail

အကယ်၍ အဆိုပါသတင်းသာ မှန်ကန်မှု ရှိခဲ့ပါက ဒါဘီအသင်းဟာ လက်ရှိအချိန်မှာ သူတို့ ရရှိထားတဲ့ ရမှတ် ၆မှတ်စလုံးကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေသလို -၃ ဖြစ်သွားတဲ့ အခြေအနေကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်လက် ကစားခွင့် ရဖို့ မလွယ်ကူတော့ပဲ တန်းဆင်းရဖို့ အခွင့်အလမ်း များပြားနေပါတယ်။