ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လက်ရှိ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ရွန်းနီကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ဒေးဗစ် ဒီဂီယာဟာ ယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ ကစားပုံအတိုင်း လိုက်ကစားနိုင်သူ မဟုတ်ကြောင်း Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒီဂီယာနဲ့လည်း ကာလရှည် တွဲဖက် ကစားခဲ့သူ ဖြစ်တာကြောင့် ဒီဂီယာရဲ့ အကြောင်းကို ကောင်းကောင်းကြီး နားလည်ထားသူ တဦးပါ။

Photo Credit: Mirror

တဖက်မှာတော့ ယခု နွေဈေးကွက် အတွင်းမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတဲ့ နယ်သာလန် ထိပ်တန်းနည်းပြ အဲရစ် တန်ဟက်ဂ်က ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲလေ့ ရှိသူ ဖြစ်ပြီး လက်ရှိ ယူနိုက်တက်ရဲ့ ကစားသမား အများစုဟာ သူ့ရဲ့ ကစားပုံအတိုင်း လိုက်ပါ ကစားဖို့ အခက်အခဲတွေ ကြုံနေရတာကိုလည်း မြင်တွေ့ရပါတယ်။

အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ဆိုရင် ကောင်းကောင်း မကစားတတ်တဲ့ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာဟာ တန်ဟက်ဂ်ရဲ့ ကစားပုံအတိုင်း လိုက်ကစားရင်း ပွဲထဲမှာ အမှားတွေ အများကြီး လုပ်မိနေတာကို မြင်တွေ့ထားရကာ ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၄-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း ဒီဂီယာရဲ့ အမှားတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ ဒီဂီယာရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ ဝိန်းရွန်းနီက ဒီဂီယာဟာ တန်ဟက်ဂ်ရဲ့ ကစားပုံအတိုင်း လိုက်မကစားနိုင်သူ ဖြစ်ကြောင်း ရှင်းပြသွားခဲ့သလို ယူနိုက်တက်အနေနဲ့ တန်ဟက်ဂ် အတွက် သူ လိုချင်တဲ့ ကစားသမားတွေကို ခေါ်ပေးသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ရွန်းနီက – “တန်ဟက်ဂ်နဲ့ ကျွန်တော့်လို နည်းပြမျိုးတွေက ကစားပုံကို နောက်တန်းကနေ စရတာ ကြိုက်ကြပါတယ်။ ပြီးတော့ ဒီလိုမျိုး ကစားပုံဟာ ဒေးဗစ်ရဲ့ (ဒီဂီယာ) ပုံမှန် ကစားနေကြ ကစားပုံမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လူအင်အား ဖြည့်တင်းမှုတွေ လုပ်ရပါတော့မယ်။ အသင်းအတွက် ဆိုရင် အမြဲတမ်း အနာဂတ်အကြောင်း စဉ်းစားနေရမှာ ဖြစ်သလို ကစားသမားသစ်တွေ ခေါ်ရင်လည်း နည်းပြလိုချင်တဲ့ အတိုင်း ခေါ်ပေးဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။