ဒါဘီကောင်တီအသင်းရဲ့ ကစားသမား/နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝိန်းရွန်းနီဟာ အခုဆိုရင် ရလဒ်ဟောင်းတွေကြောင့် ဒါဘီအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြကိုကူးရဲ့နေရာမှာ ယာယီနည်းပြအဖြစ်နဲ့ ဝင်ရောက်ဆောင်ရွှက်ရတော့မှာဖြစ်ပြီး ယာယီနည်းပြရာထူးကနေ အမြဲတမ်းနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခံရတဲ့အထိ ဖြစ်လာစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ရွန်းနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းစျေးကွက်အတွင်းမှာပဲ ဒါဘီကောင်တီအသင်းနဲ့ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး အသင်းအတွက် ကစားသမားအဖြစ်နဲ့ရော နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါဘီအသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းက အတော်လေးကို ကျဆင်းလို့နေပြီး အမှတ်ပေးဇယားရဲ့ ဇယားအောက်ခြေအထိပါ ရောက်ရှိလို့နေတာကြောင့် နည်းပြကိုကူးကို ထုတ်ပယ်ခဲ့ပြီး ရွန်းနီကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit : Derby Telegraph

အခုလို အသင်းရဲ့ယာယီနည်းပြဖြစ်လာခဲ့တဲ့ ရွန်းနီက “ကျွန်တော်အနေနဲ့ ဒီမှာပဲ ဆက်ရှိနေပြီး ဒီအလုပ်ကြီးကို မလိုချင်ဘူးလို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ကျွန်တော်က ရည်မှန်းချက်မရှိတဲ့သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေ ဒီကိုရောက်လာခဲ့တာက ဘောလုံးကစားဖို့အတွက်လည်း ဖြစ်သလို ဒါတွေပြီးရင်လည်း နည်းပြပိုင်းနဲ့ စီမံအုပ်ချုပ်မှုအပိုင်းမှာ ဘာကိုလုပ်ဆောင်သွားချင်သလဲဆိုတာကိုပါ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက စီမံခန့်ခွဲမှုအပိုင်းကို ဝင်ရောက်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့်ဆိုရင်တော့ စတီဖင်ဂျရတ်လို ဖရန့်လမ်းပတ်လို စကော့ပါ့ကားတို့လို ပုံစံမျိုးနဲ့ လုပ်ဆောင်ချင်နေတာပါ။ သူတို့ဆိုရင် လက်ရှိမှာ အကောင်းဆုံးပုံစံနဲ့ လုပ်ဆောင်ရပါတယ်။ အခုကတော့ ရှေ့လာမယ့် (၂)ပွဲ(၃)ပွဲလောက်ကို ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေအနေနဲ့ ကျွန်တော့်ကို ပိုကောင်းမွန်တဲ့ ရာထူးတစ်ခုကိုသာ ပြောင်းလဲခန့်အပ်နိုင်မယ်ဆိုရင်တော့ အသင်းကိုလည်း ပိုမိုစွမ်းဆောင်ပေးနိုင်မှာပါ။ ကစားသမားဘဝတုန်းကလည်း တကယ့်ကို နည်းပြကောင်းတွေနဲ့ လက်တွဲခဲ့ဖူးပြီး ဖာဂူဆန်လို ဂန္တဝင်နည်းပြကြီးနဲ့လည်း လက်တွဲခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖာဂူဆန်လို ပုံစံမျိုးနဲ့ ကိုင်တွယ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲတချို့မှာဆိုရင်တော့ တခြားနည်းပြတွေရဲ့စတိုင်တွေကိုလည်း သုံးစွဲရသင့်တာမျိုးတော့ ရှိတတ်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။