မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ကတော့ သူဟာ အဲဗာတန် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ မပြောင်းရွှေ့မီမှာ နယူးကာဆယ် ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝိန်းရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းရဲ့ ယာယီနည်းပြ အဖွဲ့ကို ဦးဆောင် နေရသူ ဖြစ်ပြီး ၂၀၀၄ခုနှစ်မှာ အဲဗာတန်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၃သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

 

Photo Credit: Standard

အဆိုပါ အချိန်တုန်းက ဝိန်းရွန်းနီဟာ အင်္ဂလန်ရဲ့ တက်သစ်စ လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ထိပ်တန်း အသင်းကြီးများစွာက ကြိုးစားခဲ့ကြကာ ရွန်းနီကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ ရွန်းနီကို ခေါ်ယူဖို့ ရေပန်းစားခဲ့တဲ့ အသင်းတွေထဲမှာ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်းတို့ ပါဝင်ခဲ့ပေမယ့် ရွန်းနီကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ သူမပြောင်းရွှေ့ နိုင်ခဲ့ပါက နယူးကာဆယ် ယူနိုက်တက် အသင်းဆီ ရောက်ရှိမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားပါတယ်။ ဒါ့အပြင် ရွန်းနီက နယူးကာဆယ် အသင်းဟာ သူ့ကို သူ အလိုရှိတဲ့ လုပ်ခ လစာပေးချေမယ် လို့ ကမ်းလှမ်းခဲ့ကြောင်းလည်း ဆိုသွားပါတယ်။

Photo Credit: Standard

နယူးကာဆယ် အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်းကို ရွန်းနီက “ မန်ချက်စတာ ယူနိုက်တက် အသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းကို ကျွန်တော် သိတဲ့ အချိန်မှာ သူတို့ဟာ ကျွန်တော့်အတွက် အသင်းတစ်သင်း ဖြစ်တဲ့ အကြောင်းကို ကျွန်တော် သိလိုက်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို ခေါ်ဖို့ နောက်ထပ် တစ်နှစ် ထပ်စောင့်ချင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ နယူးကာဆယ် အသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစား လာပါတယ်။ သူတို့က အဲဗာတန် အသင်းနဲ့ ဆွေးနွေးခဲ့သလို ကျွန်တော်နဲ့လည်း လာရောက် ဆက်သွယ်ပါတယ်။ ကျွန်တော်က နောက်ထပ် တစ်နှစ် မစောင့်ချင်ပါဘူး။ ကျွန်တော်က အဲဗာတန် အသင်းမှာ တစ်နှစ် ထပ်မနေချင်တော့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်က နယူးကာဆယ် အသင်းဆီ သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က နယူးကာဆယ် အသင်းနဲ့ ကျွန်တော် လိုချင်တဲ့ လစာကို ညှိနှိုင်းခဲ့တယ်။ သူတို့ကလည်း လက်ခံခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်က ယူနိုက်တက် ကို လှမ်းပြီး ပြောလိုက်တယ်။ ခင်ဗျားတို့ ကျွန်တော့်ကို မခေါ်ရင် ကျွန်တော် သူတို့ဆီ သွားတော့မယ်လို့ပေါ့။ ယူနိုက်တက်က ကျွန်တော့်ကို လက်လွှတ်မခံခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်က ယူနိုက်တက်ဆီ ရောက်လာတာပါ” ဆိုပြီး ပြောကြား ခဲ့တာပါ။