ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်း တို့ရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီ ကတော့ လက်ရှိအချိန်မှာ သူ ကစားနေတဲ့ ဒါဘီအသင်းရဲ့ နည်းပြချုပ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။ အသက် ၃၄နှစ် အရွယ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဝိန်းရွန်းနီဟာ မန်ယူအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ပေမယ့် ဒါဘီအသင်းမှာတော့ အသင်းရဲ့ လိုအပ်ချက်အရ ကွင်းလယ်နေရာအထိ ဆင်းကာ ကစားပေးနေသူ ဖြစ်ပြီး အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဝိန်းရွန်းနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာမှ ဒါဘီအသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားကာ ရဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၃ဂိုး ဖန်တီးပေးထား နိုင်ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာတော့ ဝိန်းရွန်းနီရဲ့ ဒါဘီအသင်းဟာ ရလဒ်ကောင်းတွေ ရရှိခြင်း မရှိပဲ ၄ပွဲ ကစားထားရာမှာ ၃ပွဲအထိ အရေးနိမ့် ထားခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဘီအသင်းရဲ့ အသင်းပိုင်ရှင်တွေဟာ နည်းပြ ကွတ်ချူးကို အသင်းကနေ ထုတ်ပယ်ဖို့ စဉ်းစား နေကြပြီး ယခုတစ်ပတ်မှာ ကစားမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ပါက ကွတ်ချူးကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။

Photo Credit: Mirror

အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဒါဘီအသင်းဟာ ကွတ််ချူးကို အသင်းကနေ ထုတ်ပယ် ပြီးပါက အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဝိန်းရွန်းနီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိကြောင်း သိရှိရပါတယ်။ ဝိ်န်းရွန်းနီဟာ ကစားသမားဘဝ ကနေ အနားယူပြီးပါက နည်းပြတစ်ဦး ဖြစ်ချင်ကြောင်း မကြာခဏ ဆိုသလို ဖွင့်ဟခဲ့သူ ဖြစ်တာကြောင့် ဒါဘီအသင်းကသာ သူ့ကို နည်းပြရာထူး ပေးအပ်ရင် လက်ခံသွားမှာ ဖြစ်ကြောင်း ဝိန်းရွန်းနီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဖွင့်ဟ ထားကြပါတယ်။ ကဲ ဝိန်းရွန်းနီ တစ်ယောက် သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်လိုမျိုး ကစားသမား+ နည်းပြရာထူးနဲ့ ဒါဘီအသင်းကို ကိုင်တွယ်ခွင့် ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။