ယမန်နေ့မှာပဲ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီးရဲ့ နည်းပြချုပ် ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူး ဝိန်း ရွန်းနီက ဘာမင်ဂမ် စီးတီးဟာ သူ့ကို အချိန်လုံလုံလောက်လောက် မပေးခဲ့ကြောင်း ပြောကာ ဘာမင်ဂမ်ရဲ့ တာဝန်ရှိသူတွေကို အပြစ်တင် ဝေဖန်လိုက်ပါတယ်။

အသက် ၃၈နှစ် အရွယ် အင်္ဂလန် ဂန္တဝင် ဝိန်း ရွန်းနီက ကစားသမားဘဝ ကနေ အနားယူပြီးနောက် ဒါဘီ ၊ ဒီစီ ယူနိုက်တက် စတဲ့ အသင်းတွေကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အောက်တိုဘာလ ၁၁ရက်နေ့မှ စတင်ကာ ဘာမင်ဂမ် စီးတီးရဲ့ နည်းပြချုပ် အဖြစ် စတင် တာဝန်ယူခဲ့ပါတယ်။

Photo Credit: Standard

ရွန်းနီက အခြေကျပြီးသား ဒီစီ ယူနိုက်တက်ကို စွန့်ခွာကာ ဘာမင်ဂမ် စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် ဘာမင်ဂမ်မှာတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ရွန်းနီရဲ့ လက်အောက်မှာ ဘာမင်ဂမ်က ၁၅ပွဲ ကစားခဲ့ရာ ၂ပွဲထဲသာ အနိုင်ရခဲ့ကာ ၉ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။

ဘာမင်ဂမ်က ရွန်းနီကို မခန့်အပ်ခင်မှာ ချန်ပီယံရှစ်ရဲ့ အဆင့်(၅)နေရာမှာ ရှိခဲ့ပေမယ့် ရွန်းနီရဲ့ လက်အောက်မှာ ရမှတ် ၁၀မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အဆင့်(၂၀)နေရာ အထိ ဆင်းခဲ့ရပါတယ်။

အချိန်တိုအတွင်းမှာ အဆင့်(၅) ကနေ အဆင့်(၂၀) အထိ ရောက်သွားတာကြောင့် ဘာမင်ဂမ်ဘုတ်အဖွဲ့က ယမန်နေ့ညမှာပဲ ဝိန်း ရွန်းနီကို နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခဲ့ပြီး ရွန်းနီကတော့ ဘာမင်ဂမ်ဟာ သူ့ကို အချိန်ပိုပေးခဲ့သင့်ကာ အချိန် ၁၃ပတ်ထဲနဲ့ သူ လိုချင်တဲ့ ကစားကွက်ကို ချပြနိုင်ဖို့ မလွယ်ကူကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

Photo Credit: Football 365

ဝိန်း ရွန်းနီက – “ကျွန်တော့်ကို ဘာမင်ဂမ် စီးတီးရဲ့ နည်းပြချုပ် ဖြစ်ခွင့် ပေးခဲ့တဲ့ တွန် ဝက်ဂ်နာ ၊ တွန် ဘရာဒီနဲ့ ဂယ်ရီ ကွတ်ခ်တို့ကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က ဘာမင်ဂမ်မှာ အချိန်တိုပဲ နေခွင့် ရခဲ့ပေမယ့် သူတို့က ကျွန်တော့်ကို အားပေး ကူညီခဲ့ကြပါတယ်။ ဘောလုံးလောက ဆိုတာ ရလဒ်တွေကိုပဲ ကြည့်တဲ့ စီးပွားရေး တခုပါ။ ကျွန်တော့်ရဲ့ အသင်းက ကျွန်တော် ဖြစ်စေချင်တဲ့ အဆင့်အတန်းမျိုး မရောက်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြတယောက်က အချိန်တွေ လိုအပ်ပါတယ်။ ကျွန်တော်က ၁၃ပတ် ဆိုတဲ့ အချိန်ဟာ နည်းပြ တယောက် အတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့ လုံလောက်တဲ့ အချိန်လို့ မယုံကြည်ပါဘူး။ အခုတော့ ကျွန်တော်က အချိန်အနည်းငယ်လောက် အနားယူရပါဦးမယ်။ ကျွန်တော်က အသက် ၁၆နှစ် အရွယ်ထဲက ဘောလုံးလောကထဲမှာ ကစားသမားအနေနဲ့ရော ၊ နည်းပြတယောက် အဖြစ်ပါ ကျင်လည်ခဲ့တာပါ။ အခု ကျွန်တော်က မိသားစု အတွက် အချိန်ပေးမယ်။ ပြီးရင် နည်းပြတဦး အဖြစ် နောက်ထပ် ရောက်လာမယ့် အခွင့်အရေးတွေ အတွက် ပြင်ဆင်ပါမယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်က ဘာမင်ဂမ်နဲ့ အသင်းပိုင်ရှင်တွေကို သူတို့ လိုချင်တဲ့ အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားကာ သူ့ကို အချိန်မပေးခဲ့တဲ့ ဘာမင်ဂမ်ကို အပြစ်တင်သွားခဲ့တာပါ။