မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်းကြီး ဝိန်းရွန်နီက လက်ရှိ ယူနိုက်တက်အသင်းမှာ ဆက်ထိန်းသင့်တဲ့ ကစားသမားအဖြစ် (၂)ယောက်ကိုသာ ထုတ်ဖော် ပြောကြားခဲ့ပြီး ကစားသမား (၁၀)ဦးကနေ (၁၅)ဦးအထိကတော့ အသင်းကနေ ထွက်ခွာသင့်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

၂၀၂၅ နွေရာသီဟာ ယူနိုက်တက်အတွက် နောက်ထပ် ကြီးမားတဲ့ နွေရာသီတစ်ခု ဖြစ်လာဖို့ ရှိနေပြီး အရေးကြီးတဲ့ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူရေးလုပ်ငန်းကို မှန်ကန်စွာ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ နည်းပြရူဘင် အမော်ရင်ကတော့ အဲရစ် တန်ဟက်ဆီက ဆက်ခံရရှိတဲ့ လူစာရင်းကို ပြောင်းလဲဖို့ ကြိုးစားနေချိန်မှာ ကစားသမား အဝင်အထွက်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Football365

ရွန်နီက အလေးအနက် ပြန်လည်တည်ဆောက်ရေး စီမံကိန်းတစ်ခုကို ကြီးကြပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပြီး အသင်းကနေ ဖယ်ရှားပစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အသုံးမဝင်တဲ့ ကစားသမားတွေ အများကြီးရှိကြောင်း ထောက်ပြခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဖြစ်သူ ရွန်နီက လက်ရှိအသင်းမှာ ရေရှည်အနာဂတ်နဲ့ ထိုက်တန်တဲ့ ကစားသမားက (၂)ယောက်သာ ရှိတယ်လို့ ခံစားရတယ်လို့ ပြောလာပါတယ်။

Sky Bet ကနေ တင်ဆက်တဲ့ “Stick to Football” ပေါ့ဒ်ကတ်စ်မှာ လက်ရှိ ယူနိုက်တက်သင်းရဲ့ လူစာရင်းဟာ ၂၀၂၄-၂၅ ရာသီရဲ့ ကြီးမားတဲ့ စိတ်ပျက်စရာ အခြေအနေကနေ ပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းရှိလားလို့ ရွန်နီကို မေးတဲ့အခါ “မရှိဘူး။ အဲ့လိုရှိလာမယ်လို့ ကျွန်တော် မထင်ဘူး။ သူတို့တွေဟာ လမ်းပျောက်နေသလိုပဲ။ ကြောက်ရွံ့နေတဲ့ပုံလည်း ပေါ်တယ်။””ဖာနန်ဒက်စ်ကတော့ ဆက်တိုက် စွမ်းဆောင်နေတဲ့ တစ်ဦးတည်းသောသူပါ။

Photo Credit : Goal

သူက တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် ဆက်လက် စွမ်းဆောင်နေတာတော့ အမှန်ပဲ။ သူတို့အသင်း လူစာရင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လိုအပ်တယ်။ ကျွန်တော်ထင်တာက ကစားသမား (၁၀)ယောက် (၁၅)ယောက်လောက် အသင်းကနေ ထွက်သွားသင့်တယ်။ သေချာတာကတော့ သူတို့အဲဒီလို မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘယ်သူကမှ တာဝန်မယူတဲ့ စိတ်ဓာတ်မျိုး အသင်းမှာ ရှိနေတယ်။”

“ကျွန်တော်ဆိုရင် ဘရူနိုနဲ့ မိုင်နူးကို ဆက်ထိန်းထားမယ်။ အသင်းမှာက ပွဲတွေ အလွယ်တကူ ရှုံးနိမ့်ဖို့ လွယ်ကူလွန်းနေတာနဲ့ ကစားသမားတွေက နောက်တစ်ပွဲကို ဆက်သွားမယ်ဆိုတာမျိုးတွေ ပြောနေကြတယ်။ ဒါတွေအားလုံးက အမှိုက်တွေပါပဲ။ ကွင်းထဲမှာ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ပြကြပါ။ ကြည့်ရတာ အရမ်းဆိုးတယ်။ အရမ်းနာကျင်တယ်။ ကျွန်တော်က လီဗာပူးလ်ကနေ လာခဲ့ပေမယ့် ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့တာပါ။ အသင်းကို ကောင်းကောင်းလုပ်စေချင်တယ်။ ကျွန်တော့်ကလေးတွေက အကယ်ဒမီမှာ ရှိနေတယ်။ သူတို့ကို ကြည့်ရတာ အရမ်းနာကျင်ရတယ်။”