ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဒါဘီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီ ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခါးသီးမြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်အသင်းကို စွန့်ခွာကာ အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားနေသူ ဖြစ်ပြီး လတ်တလောမှာတော့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့နိုင်ဖို့ အလွန်အမင်း နီးစပ်နေသူပါ။

Photo Credit: Express

ယနေ့မနက် အစောပိုင်း အထိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရိုနယ်ဒိုဟာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုပါ ရရှိထားပြီးပြီ ဖြစ်ကာ မန်ချက်စတာ စီးတီးအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖွယ် ရှိကြောင်း သိထားရပါတယ်။

ဒါပေမယ့် ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ မွေးထုတ်ပေးလိုက်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းထံ မပြောင်းရွှေ့လောက်ဘူးလို့ ယူဆနေသူတွေ ရှိနေဆဲ ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်တွေထဲမှာ ရိုနယ်ဒိုရဲ့ အရင်းနှီးဆုံး အသင်းဖော် ဖြစ်ခဲ့သူ ရွန်းနီလည်း ပါဝင်ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ဝိန်းရွန်းနီက – “ဒီသတင်းက စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဖြစ်လာနိုင်မယ် မထင်ပါဘူး။ ခရစ္စတီယာနိုက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ။ ပြီးတော့ သူက ကစားသမား တဦးအနေနဲ့ရော လူတယောက်အနေနဲ့ပါ ဘယ်လောက်အထိ ဂုဏ်ယူဝင့်ကြွားတတ်လဲ ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းသွားမယ် ဆိုတာကို ကျွန်တော် မြင်ကြည့်လို့ မရပါဘူး။ ဒါပေမယ့် ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာ ခင်ဗျားတို့ မသိနိုင်ဘူးလေ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။