ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကတော့ လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟယ်ရီ မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ယူရို ၂၀၂၀ပြိုင်ပွဲ ပြီးကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကျဆင်းနေမှုကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ တတိယ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ ရှိနေခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားအပေါ် ယုံကြည်နေဆဲ ဖြစ်ပြီး ဆောက်ဂိတ်က ခြေစွမ်းကျဆင်းနေတဲ့ မက်ဂွိုင်းယားကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းထဲ ခေါ်ယူသွားတဲ့ အတွက် အင်္ဂလန် ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က ဆောက်ဂိတ်ကို ဝေဖန်မှု တချို့ ပြုလုပ်ထားကြပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဝိန်းရွန်းနီကတော့ ဆောက်ဂိတ်ရဲ့ မက်ဂွိုင်းယားကို ရွေးချယ်မှု အပေါ် အပြစ်မမြင်ပဲ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းကျနေပေမယ့် အင်္ဂလန် အတွက် ကစားပေးတဲ့ အချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ဝိန်းရွန်းနီက – “ဆောက်ဂိတ်က မက်ဂွိုင်းယားကို ရွေးချယ်လိုက်တဲ့ အပေါ် ကျွန်တော်က မအံ့ဩမိပါဘူး။ သူက အင်္ဂလန် အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပြိုင်ပွဲ ၂ခုစလုံးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်သူပါ။ ပြီးတော့ သူက အားကစားစိတ် အပြည့် ရှိတဲ့ ခံစစ်မှူးပါ။ ဒါကြောင့် သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဦးမယ် ထင်ပါတယ်။ သူက အင်္ဂလန် ပရိသတ်တွေကို စိတ်ပျက်စေမယ့် လူမျိုး မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။