ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်း တင်ထားနိုင်သလို လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားကြမယ့် သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ဟာ အာဆင်နယ် အတွက် ကြီးမားတဲ့ စမ်းသပ်မှု တရပ်ပဲလို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ပွဲကစား ၅ပွဲစလုံးကို အနိုင်ရထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Metro

အထူးသဖြင့် အာဆင်နယ်ရဲ့ ယခုနှစ်ရာသီ ကစားပုံဟာ အတော်လေးကို ကောင်းမွန်နေပြီး ပြိုင်ဘက်ကို အချိန်ပြည့် ဖိအားပေး ကစားနိုင်သလို သွင်းဂိုးတွေလည်း လိုအပ်ရင် လိုအပ်တဲ့ အချိန်တိုင်းမှာ သွင်းယူနိုင်စွမ်း အပြည့် ရှိနေကာ တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ကလည်း ခါးသီးပြိုင်ဘက် လီဗာပူးကို အနိုင်ရခဲ့ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက် နိုင်ထားသလို သူတို့အသင်းရဲ့ ကျစ်လျစ်လာတဲ့ ခံစစ်ကြောင်းကြောင့် ပြိုင်ဘက်တွေရဲ့ တိုက်စစ်ကို အခက်တွေ့အောင် လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ တွေ့ဆုံမယ့် ပွဲစဉ်ဟာ ခံစစ်နဲ့ တိုက်စစ် အားပြိုင်မယ့် ပွဲတပွဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ ယနေ့ညမှာ ကစားမယ့်ပွဲဟာ အာဆင်နယ် အတွက် အစမ်းသပ်ခံရမယ့် ပွဲတပွဲ ဖြစ်ကာ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူနိုင်ရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်းကို သက်သေပြနိုင်မှာ ဖြစ်ပြီး အကယ်၍ ရှုံးနိမ့်သွားမယ် ဆိုရင်တော့ အာဆင်နယ်ဟာ ဒီရာသီမှာ အဆင့်၄အတွင်း ဝင်ရောက်ရေးကိုပဲ အဓိကထား ကြိုးပမ်းရလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Metro

ရွန်းနီက – “ကျွန်တော်တို့က အာဆင်နယ်ဟာ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ စတင်ထားတာကို မြင်တွေ့နေရပါတယ်။ တကယ်လို့ သူတို့ကသာ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲ ရယူနိုင်ခဲ့ရင် လူတွေက အာဆင်နယ်ကို ချန်ပီယံလုဘက် အဖြစ် မြင်လာကြပါလိမ့်မယ်။ တကယ်လို့ သူတို့က အနိုင်မရခဲ့ဘူး ဆိုရင်တော့ သူတို့ဟာ အဆင့်၄ အတွက်ကိုပဲ အဓိကထား ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက်နဲ့ပွဲစဉ်က အာဆင်နယ်အတွက် ကြီးမားတဲ့ စမ်းသပ်မှု တခုပါပဲ။ တဖက်မှာလည်း အာဆင်နယ်နဲ့ ပွဲက အဲရစ် တန်ဟက်ဂ်အနေနဲ့ အသင်းကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်ပြီ ဆိုတာကို သက်သေပြနိုင်မယ့် အခွင့်အရေး တခုပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။