ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ဒါဘီ ၊ ဒီစီ ယူနိုက်တက်နဲ့ ဘာမင်ဂမ်တို့ရဲ့ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဝိန်း ရွန်းနီက ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ရဲ့ နည်းပြသစ် အဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၈နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်း ရွန်းနီက ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ချက်ချင်း ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး သူဟာ ချန်ပီယံရှစ်ကလပ်တွေ ဖြစ်တဲ့ ဒါဘီနဲ့ ဘာမင်ဂမ်တို့ကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ချန်ပီယံရှစ် အတွေ့အကြုံ များတဲ့ နည်းပြလို့ ဆိုနိုင်ပါတယ်။

Photo Credit: The Times

ကစားသမား ဘဝမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ခဲ့တဲ့ ဝိန်း ရွန်းနီက နည်းပြလောကထဲကို ဝင်ရောက်လာပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် သူ့ရဲ့ အင်္ဂလန် ဘောလုံးလောက အတွင်းမှာ ဩဇာအာဏာ ကြီးမားမှုကြောင့် အင်္ဂလန်ဒေသခံကလပ်တွေက သူ့ကို ခေါ်ယူဖို့ အမြဲတစေ စိတ်ဝင်စားခဲ့ကြပါတယ်။

တဖက်မှာတော့ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်က ဒီရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အဆင့်(၂၁)နေရာနဲ့ ရာသီသိမ်းခဲ့တဲ့အသင်း ဖြစ်ပြီး ပလိုင်းမောက်ဟာ တန်းဆင်းရမယ့် အခြေအနေနဲ့ ပွတ်ကာသီကာ လွတ်ခဲ့တာကြောင့် ပလိုင်းမောက်ရဲ့ တာဝန်ရှိသူတွေက လာမယ့်ရာသီမှာ အခုလို တန်းဆင်းဇုန်အန္တရာယ်နဲ့ ထပ်မံ မရင်ဆိုင်ရဖို့ ချန်ပီယံရှစ် အတွေ့အကြုံ များတဲ့ ဝိန်း ရွန်းနီကို ခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားခဲ့တာပါ။

Photo Credit: Talksports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ဝိန်း ရွန်းနီက ပလိုင်းမောက်ရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် ပလိုင်းမောက်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ပလိုင်းမောက်ဟာ ရွန်းနီကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ပလိုင်းမောက်က ဝိန်း ရွန်းနီကို ခေါ်ယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ချို့တဲ့လှတဲ့ ကစားသမားအင်အားကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းအတွက် အားကိုးရမယ့် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့ လိုအပ်ပြီး အကယ်၍ လုံလောက်တဲ့ ကစားသမား အားဖြည့်မှုတွေသာ မလုပ်နိုင်ခဲ့ရင် လာမယ့်ရာသီမှာလည်း တန်းဆင်းဇုန်အန္တရာယ်နဲ့ ထပ်မံ ရင်ဆိုင်ရနိုင်ပါတယ်။