ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန် ဘောလုံးပရိသတ်တွေရဲ့ အချစ်တော် ဝိန်းရွန်းနီကတော့ သူ ကိုင်တွယ်နေတဲ့ ဒါဘီအသင်းရဲ့ပိုင်ရှင် မော်ရစ်ဟာ သူ့ကို မလေးစားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ်သာ ရှိသေးတဲ့ ဝိန်းရွန်းနီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကိုင်တွယ်နေသူ ဖြစ်ကာ ဒါဘီအသင်းကို ချန်ပီယံရှစ်ကနေ တန်းမဆင်းရအောင် ကူညီနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ရှုံးပွဲနည်းအောင် ဦးဆောင်ထားနိုင်ပါတယ်။

Photo Credit: Daily Mail

ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ဒါဘီအသင်းဟာ လက်ရှိမှာ ဆိုးဝါးတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အသင်းပိုင်ရှင် မောရစ်ဟာ အသင်းအတွက် ငွေကြေးစိုက်ထုတ်မှုတွေကို မပြုလုပ်တော့သလို အသင်းနဲ့ ပတ်သတ်တဲ့ ကိစ္စအဝဝကိုလည်း တာဝန်ယူ ဆောင်ရွက်ခြင်း မရှိတာကြောင့် ဒါဘီအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ရမှတ် ၁၂မှတ် အထိ လျှော့ချခံထားရပြီး တန်းဆင်းရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဝိန်းရွန်းနီကတော့ အဆိုပါပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး အယူခံဝင်ဖို့ ဆုံးဖြတ်ထားသလို အသင်းဘက်က လိုအပ်တဲ့ ငွေကြေးတွေကိုပါ စိုက်ထုတ်ပေးဖို့ စီစဉ်ထားပြီး အသင်းပိုင်ရှင် မောရစ်က သူ့ကို ဆက်သွယ်မှုတွေ မလုပ်ခဲ့ပဲ မလေးစားတဲ့ အပြုအမူတွေ ပြုမူနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Photo Credit: Daily Mail

ဝိန်းရွန်းနီက – “ကျွန်တော်က အသင်းပိုင်ရှင် မယ်လ် မောရစ်နဲ့ စကားမပြောဖြစ်တာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၉ရက်နေ့ထဲကပါ။ အဲ့ဒီနောက်ပိုင်းမှာ သူနဲ့ ကျွန်တော် တဦးချင်း စကားမပြောဖြစ်ဘူး။ ဖုန်းနဲ့လည်း မပြောဖြစ်ဘူး။ မက်ဆေ့ချ်နဲ့လည်း စကားမပြောဖြစ်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် သူက ကျွန်တော့်ကို မလေးစားတာပါ။ အသင်းပိုင်ရှင်နဲ့ နည်းပြတို့ကြားမှာ ဆက်သွယ်မှု ရှိဖို့က အရေးကြီးပါတယ်။ ဒါမှပဲ ကောင်းခြင်း ၊ ဆိုးခြင်းတွေကို ကျွန်တော်တို့တွေ အတူတူ ဖြေရှင်းလို့ ရမှာပါ။ သူက ကျွန်တော့်ကို မတောင်းပန်ခဲ့ပါဘူး။ ပြီးတော့ အသင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ ကျွန်တော်က အသင်းရဲ့ ကစားသမားတွေ ၊ ဝန်ထမ်းတွေရဲ့ မေးခွန်းတွေကို ပြန်ပြီး မဖြေနိုင်ခဲ့တဲ့ အတွက် ရင်နာရပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။