မန်ချက်စတာယူနိုက်တက်အသင်းဆီကို အသင်းရဲ့ ထိပ်တန်းကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာခြင်းက သူရဲ့ကစားသမားဖြစ်သူ ဒွန်နီဗန်ဒယ်ဘိခ်အတွက် သတင်းဆိုးတစ်ခုသာ ဖြစ်လာလိမ့်မယ်လို့ ဗန်ဒယ်ဘိခ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂွီဒိုအယ်ဘာစ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ဗန်ဒယ်ဘိခ်အနေနဲ့ မနှစ်ကထက်ကို နေရာပျောက်ဆုံးရဖွယ် ရှိနေတယ်လို့လည်း သုံးသပ်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : The Sun

ပေါ်တူဂီအသင်းရဲ့ ကြယ်ပွင့်ကစားသမားကြီးဖြစ်သူ အသက်(၃၆)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်ကနေ အသင်းဟောင်း ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒီအပြောင်းအရွှေ့ကြောင့် အသင်းနဲ့ အသင်းသားတွေအတွက် အကျိုးရှိစေနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်အတွက်တော့ အကျိုးမရှိစေနိုင်ပဲ သတင်းဆိုးတစ်ခုသာ ဖြစ်နေလိမ့်မယ်လို့ ဗန်ဒယ်ဘိခ်ရဲ့ အေးဂျင့် အယ်ဘာစ်က ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။

Photo Credit : Milan Report

အယ်ဘာစ်က “ပြီးခဲ့တဲ့ သောကြာနေ့မှာ အသင်းဆိကို ခရစ္စတီယာနို ရောက်ရှိလာခြင်းက ကျွန်တော်တို့အတွက်တော့ သတင်းဆိုးတစ်ခုလိုပါပဲ။ ဒီမတိုင်ခင်မှာ ပေါ့ဘာက ဘယ်ခြမ်းတိုက်စစ်မှာ ပါဝင်ကစားတယ်။ အခု ခရစ္စတီယာနို အသင်းကို ရောက်လာချိန် ပေါ့ဘာက တိုက်စစ်ကနေ ကွင်းလယ်ပိုင်းကို ဆင်းကစားရတော့မယ့် အခြေအနေမျိုး ဖြစ်နေပါပြီ။ ကျွန်တော်လည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့သေးတယ်။ နောက်ပြီး ဒွန်နီအတွက် အဆင်ပြေနိုင်မယ့် ကလပ်အသင်းတွေကို ရှာဖွေခဲ့ရာမှာ အဲဗာတန်က အဆင်ပြေဆုံးအဖြစ် တွေ့ရှိခဲ့တယ်။ ဒါပေမယ့် စျေးကွက်နောက်ဆုံးနေ့ မတိုင်ခင် တနင်းလာနေ့ညမှာတော့ ဆိုးလ်ရှားက ကျွန်တော့်ကို ဖုန်းဆက်ပြီး ဒွန်နီရဲ့ အပြောင်းအရွှေ့ကို ခွင့်မပြုကြောင်းနဲ့ နောက်နေ့မှာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ အသိပေးတယ်။ ဒွန်နီဆိုတာ ပြည်တွင်းရှံးထွက်ဖလားပွဲတွေကို ဝင်ရောက်ကစားရမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ဥရောပပွဲတွေကို ကစားရမယ့်သူ ဖြစ်ပြီးတော့ အင်္ဂလန်ကို ရောက်လာတယ်ဆိုတာကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်တာကြောင့်ပါ။ ဒွန်နီကို သူတို့တွေ အခွင့်အရေး ပေးရပါလိမ့်မယ်။ ဒွန်နီက ဒီနွေမှာ အရမ်းကြိုးစားခဲ့တယ်။ နားရက်လည်း တစ်ပတ်ပဲ ယူခဲ့တယ်။ သူက အခုဆိုရင် အဆင့်သင့် ဖြစ်နေပါပြီ။ သူဆီလာမယ့် အခွင့်အရေးကို အသုံးချဖို့ စောင့်ဆိုင်းနေတာပါ။ ဒီအခွင့်အရေး မရလာခဲ့ရင်တော့ ဘာဆက်လုပ်မလဲဆိုတာ ဆက်လက်ဆွေးနွေးရတော့မှာပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။