သူကစားခဲ့သမျှ အသင်းတွေနဲ့အတူ ဆုဖလားအောင်မြင်မှုတွေကိုရော တစ်ဦးချင်းအောင်မြင်မှုတွေကိုပါ ရယူနိုင်ဖို့ အမြဲတမ်းပစ်မှတ်ထားတတ်ပြီး ရည်မှန်းချက်ပြင်းထန်တတ်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူရဲ့ဂျုဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်အောင်မြင်မှုကို ရယူဖို့ ကြိုးစားအားထုတ်ခဲ့ပေမယ့် ဂျုဗင်တပ်စ်အသင်းက ရော်နယ်ဒိုနဲ့ လက်တွဲပြီးနောက် (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ် ရှံးထွက်အဆင့်တွေကနေ လှည့်ပြန်ခဲ့ရတာကြောင့် ရော်နယ်ဒိုဟာ အခုဆိုရင် ဂျုဗင်တပ်စ်နဲ့ လမ်းခွဲဖို့အထိပါ စဉ်းစားလာခဲ့တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Youtube

ပြင်သစ်မီဒီယာတွေကနေ ဖော်ပြလာချက်တွေအရတော့ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့အားကစားဒါရိုက်တာလီယိုနာဒိုတို့နှစ်ယောက် တွေ့ဆုံခဲ့ကြပြီး ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်တာတွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Le10 Sport ရဲ့ဖော်ပြချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းမှာ မပျော်မရွှင် ဖြစ်လာခဲ့တဲ့အတွက် အသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ကိုပါ စီစဉ်လာခဲ့ပေမယ့် ကိုဗစ်ဂယက်ကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာခြင်းမရှိတော့တာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာ (၄)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ပြည်တွင်းဆုဖလားတွေဖြစ်တဲ့ စီးရီးအေချန်ပီယံ(၂)ကြိမ် အီတလီစူပါဖလား(၁)ကြိမ်တွေကို ဆွတ်ခူးနိုင်ခဲ့ပြီး သူတကယ်ရယူလိုတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေထိတောင် မရောက်ရှိနိုင်ခဲ့ရပါဘူး။ ရော်နယ်ဒိုရဲ့ပရိသတ်တွေနဲ့ ရော်နယ်ဒိုရဲ့အမဖြစ်သူတို့ကတော့ အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခြင်းမရှိတာဟာ ရော်နယ်ဒိုဘက်က အားစိုက်ထုတ်မှု နည်းပါးတာကြောင့်မဟုတ်ပဲ ဂျုဗင်တပ်စ်မှာ ရော်နယ်ဒိုတစ်ယောက်တည်းကပဲ ကြိုးစားကစားနေရပြီး အခြားအသင်းဖော်တွေက သူ့လောက်ကြိုးစားမှုမရှိလို့ ဘာအောင်မြင်မှုကို မရခဲ့တာလို့ မှတ်ချက်ပြုပြောဆိုထားခဲ့ပါတယ်။ လက်ရှိမှာ သတင်းမီဒီယာတွေရဲ့ပြောဆိုချက်အရ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းရဲ့ဥရောပအောင်မြင်မှုနဲ့ အလှမ်းဝေးနေရခြင်းအပေါ် စိတ်ပျက်နေတာကြောင့် အသင်းနဲ့ သက်တမ်းမကုန်ခင်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သိရှိရပါတယ်။