ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုကတော့ အခုလက်ရှိ သူရဲ့လက်အောက်မှာ ပါဝင်ကစားလို့နေတဲ့ ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ အောင်မြင်ကျော်ကြားမှုတွေများစွာကို ပိုင်ဆိုင်ထားခဲ့သူဖြစ်ပေမယ့် အလုပ်အပေါ်မှာတော့ တကယ်လေးလေးနက်နက်ထားပြီး ကြိုးစားအားထုတ်တတ်သူဖြစ်လို့ ဘောလုံးသမားတွေအနေနဲ့ သူ့ကို စံထားအတုယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : JuveFC.com

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့သူဖြစ်ကြောင်းကို သူ့ကိုနည်းပြခဲ့ဖူးတဲ့ နည်းပြတွေနဲ့ သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်တွေကနေ မကြာခဏ ထုတ်ဖော်ပြောဆိုကြဖြစ်လေ့ အားလုံးလည်း သိပြီးလောက်ပြီလို့ထင်ပါတယ်။ အခုလည်း သူနဲ့စတင်ပြီး လက်တွဲဖြစ်ခဲ့တဲ့ ပီယာလိုကပါ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီး သူကိုယ်တိုင် မြင်တွေ့ထားရတာတွေကို ပြန်လည်ထုတ်ဖော်ပြောဆိုလာခဲ့ပြန်ပါတယ်။

Photo Credit : En24 News

ပီယာလိုက “ရော်နယ်ဒိုက အရမ်းကို အလုပ်ကြိုးစားလွန်းတဲ့သူပါ။ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို အမြဲတမ်း သူစောပြီးရောက်တယ်။ နောက်ပြီးတော့လည်း လေ့ကျင့်ရေးကွင်းကနေလည်း နောက်ဆုံးကျမှ သူပြန်သွားတတ်တယ်။ သူက အားလုံးအတွက်တော့ စံနမူနာယူသင့် အတုယူသင့်တဲ့ လူသားတစ်ယောက်ပါ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီအတွင်း (၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၃)ဂိုးသွင်းယူပေးထားနိုင်ခဲ့သလို ရိုးမားအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်းမှာလည်း သူရဲ့စပယ်ရှယ်ခေါင်းတိုက်ဂိုးကြောင့် (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်း ရှံးပွဲတွေ့ရနိုင်မယ့်အရေးကနေ လွတ်မြောက်ခဲ့ရပါတယ်။ ရော်နယ်ဒိုနဲ့ ပီယာလိုတို့ရဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့ညမှာတော့ အရမ်းကို ခြေစွမ်းထက်မြက်လို့နေတဲ့ နာပိုလီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နာပိုလီဟာလည်း ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဂျီနိုအာအသင်းကို (၆)ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာကြောင့် ဂျုဗင်တပ်စ်အတွက် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်နေဦးမှာပါ။ ဂျုဗင်တပ်စ်အသင်းသားအဖြစ် (၃)ရာသီမြောက်ကို ဖြတ်သန်းလို့နေတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့(၂)နှစ်တာကာအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း(၆၅)ဂိုးအထိကို သွင်းယူထားခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း အီတလီစီးရီးအေ ချန်ပီယံဆုကိုလည်း နှစ်ရာသီဆက်တိုက် ပိုင်ဆိုင်ထားခဲ့ပါတယ်။