ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တောင် အသင်းမှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂နှစ် + အပိုထပ်ဆောင်း ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Marca

ရိုနယ်ဒိုဟာ လက်ရှိအချိန် အထိ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေဆဲ ဖြစ်တာကြောင့် အင်္ဂလန်မြေဆီ သူ ပြန်ရောက်လာတဲ့ အချိန်မှာ အသင်းရဲ့ ပရိသတ်တွေက သူ့ကို သူရဲကောင်း တဦးလို ကြိုဆိုခဲ့ကြသလို ရိုနယ်ဒိုကလည်း ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲတွေနဲ့ အတူ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းရဲ့ ကြယ်ပွင့် ကစားသမားလို ဖြစ်နေတဲ့ ရိုနယ်ဒိုဟာ ဝေဖန်မှုတွေကို ဆက်တိုက် ဆိုသလို ခံနေရပြီး ရိုနယ်ဒိုအနေနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာတော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph ကတော့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာတော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ မှားယွင်းနေကြောင်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြခဲ့သလို ရိုနယ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့် မရသည့်တိုင် မန်ချက်စတာ ယူနိုက်တက်ကို မစွန့်ခွာပဲ အသင်းမှာ နောက်ထပ် တရာသီ ဆက်လက် ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။