ဆော်ဒီ အင်အားကြီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီတို့ရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက သူဟာ ယူရို ၂၀၂၄ပြိုင်ပွဲကို ဝင်ရောက် ကစားဖို့ ဆုံးဖြတ်ထားကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၃-၂ ဆလိုဗက်ကီးယား ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေပေမယ့် အခုချိန်အထိ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို ၂၀၂၃ခုနှစ် အတွင်းမှာ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်း ပြီးရင် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေပါတယ်။

Photo Credit: Standard

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ပွဲစဉ်မှာလည်း ရိုနယ်ဒိုက လီယာအို ၊ ရာမို့စ်တို့နဲ့ တွဲဖက်ကာ ပေါ်တူဂီရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့သလို ပွဲချိန် ၂၉မိနစ်နဲ့ ၇၂မိနစ်တို့မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ပွဲစဉ်က ရိုနယ်ဒို အတွက် ပေါ်တူဂီ ကစားသမား ဘဝ ပွဲ ၂၀၀မြောက် ပွဲစဉ် တပွဲ ဖြစ်သလို အဆိုပါပွဲမှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ရိုနယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ကလည်း ၁၂၅ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Inside Sports

ပေါ်တူဂီက ဆလိုဗက်ကီးယားကို နိုင်ခဲ့တာကြောင့် ယူရို ၂၀၂၄ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ ၊ အုပ်စုအဆင့်မှာ ၇ပွဲ ကစား ၊ ၇ပွဲနိုင် ဆိုတဲ့ မှတ်တမ်းကောင်းနဲ့အတူ ယူရို ၂၀၂၄ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်အား အမိအရ ရယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီက ယူရို ၂၀၂၄ပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီးနောက် ရိုနယ်ဒိုက သူဟာ ယူရို ၂၀၂၄ပြိုင်ပွဲအား ပေါ်တူဂီနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။ ရိုနယ်ဒိုက – “ကျွန်တော်ကတော့ ယူရို ၂၀၂၄ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ ပြိုင်ပွဲကျင်းပဖို့ အချိန်တွေ အများကြီး ကျန်နေသေးပေမယ့် ကျွန်တော်က တခြား ပြဿနာတွေနဲ့ ကြုံရမှာ မဟုတ်သလို ကြီးမားတဲ့ ဒဏ်ရာတွေ ရမယ်လို့လည်း မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်က ယူရို ၂၀၂၄ပြိုင်ပွဲကို ဝင်ကစားနိုင်ဖို့ မျှော်မှန်းထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။