ဘရာဇီးဘောလုံးလောကရဲ့ ဂန္တဝင်ဘောလုံးသမားကြီးတစ်ဦးဖြစ်သူ ပီလီဟာ သူရဲ့ဘောလုံးသမားဘဝအတွင်းမှာ ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက် သွင်းဂိုးများစွာကို ရယူနိုင်ခဲ့ပြီး စုစုပေါင်းအားဖြင့်ဆိုရင် (၁၂၈၁)ဂိုးအထိကို များပြားခဲ့ပါတယ်။ ဘောလုံးသမားတွေအတွက်တော့ ဒီလိုသွင်းဂိုးပမာဏမျိုး သွင်းယူနိုင်ဖို့က ခက်ခဲလွန်းတာဖြစ်လို့ ပီလီရဲ့စံချိန်ကို ရိုက်ချိုးဖို့နေနေသာ သူရဲ့ဂိုးသွင်းနှုန်းလောက်နီးနီး သွင်းယူဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဒီလိုမလွယ်ကူလှတဲ့ စံချိန်မျိုးကို သူရဲ့ကစားသမားဘဝ အဆုံးမသတ်ခင်မှာ အရရိုက်ချိုးသွားနိုင်ပါတယ်။

Photo Credit : Nairaland

လက်ရှိမှာ အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ကိုယ်ကာယကြံခိုင်မှုက အားကောင်းနေဆဲဖြစ်သလို ခြေစွမ်းပိုင်းအရဆိုရင်လည်း သူရဲ့အကောင်းဆုံးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးတဲဲ့ ရော်နယ်ဒိုဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ်ခင် ဘရာဇီးဂန္တဝင် ဘောလုံးသမားကြီးပီလီရဲဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ဖို့အထိ ပစ်မှတ်ထားထားတယ်လို့ ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီနဖီးလ်က ထုတ်ဖော်ပြောဆိုလာခဲဲ့ပါတယ်။ ဂျုဗင်တပ်စ် တိုက်စစ်ကစားသမား ရော်နယ်ဒိုက လက်ရှိမှာ သွင်းဂိုးပေါင်း (၇၂၅)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Sky Sport

ရော်နယ်ဒိုရဲ့ စိတ်အားထက်သန်မှုနဲ့ပတ်သက်ပြီး ဂယ်ရီနဖီးလ်က “ဒါက စိတ်ထဲမှာ စွဲစွဲမြဲမြဲထားတဲ့ အရာတစ်ခုလိုပဲ။ သွင်းဂိုးတွေ ဆက်လက်ရယူနိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားသလိုမျိုးပဲ။ နေ့စဉ်နဲ့အမျှ ဒီစိတ်က သင့်အပေါ် သက်ရောက်နေနိုင်ပြီဆိုရင် သင်ရဲ့ ကိုယ်ကာယကြံခိုင်မှုကိုပါ ပိုအာရုံစိုက်လာနိုင်မယ်။ ရော်နယ်ဒိုကတော့ နှစ်တိုင်းလိုလိုမှာ သူရဲ့ပရော်ဖက်ရှင်နယ်ပီသတဲ့ အပြုအမှုတွေ ကြိုးစားအားထုတ်မှုတွေကို အမြဲထုတ်ဖော်ပြသနိုင်သလို တိုးတတ်မှုတွေလည်း ရှိခဲ့ပါတယ်။ သူရဲ့ဘောလုံးသမားဘဝကို ဆက်သွားဦးမယ်ဆိုတာတော့ လုံးဝသေချာတယ်။ ကာရေဂါကတော့ သူရဲ့လီဗာပူးလ်အသင်းမှာ ဂျိမ်းစ်မီနာက အသက်(၄၀)လောက်အထိ ကစားနိုင်လိမ့်မယ်လို့ အမြဲပြောတယ်။ ရော်နယ်ဒိုကလည်း ပီလီရဲ့စံချိန်ကို မချိုးဖျက်နိုင်ခြင်း ဘောလုံးသမားဘဝကို အဆုံးသတ်မှာ မဟုတ်ဘူးလို့လည်း ကျွန်တော်ပြောရဲပါတယ်။ ကျွန်တော်လည်း ရော်နယ်ဒိုကို ပီလီရဲ့စံချိန် ချိုးဖျက်နိုင်မယ့်သူအဖြစ် မြင်တွေ့ချင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။