အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကတော့ ယနေ့ညမှာ ကစားမယ့် ဘီနီဗန်တိုအသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုကို အနားပေး သွားဖွယ် ရှိကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ အသင်းနဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၅ပွဲ ပါဝင် ကစားထားရာ ၈ဂိုးအထိ သွင်းယူ ထားပြီး စီးရီးအေ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ကာ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

 

Photo Credit: Express

ဘီနီဗန်တိုအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ယနေ့ည ၁၁နာရီ ၃၀မိနစ် အချိန်မှာ စီးရီးအေပွဲစဉ် ၉ အဖြစ် ဘီနီဗန်တိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စီရို ဗွီဂိုရီတိုကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အီတလီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports Italia သတင်းဌာနရဲ့ အဆိုအရ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုဟာ ဘီနီဗန်တိုအသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ လုပ်ချင်တာကြောင့် ရိုနယ်ဒိုကို အနားပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ တူရင်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ ဘီနီဗန်တိုအသင်းနဲ့ ရင်ဆိုင်ဖို့ ထွက်ခွာသွားတဲ့ ဂျူဗင်တပ် အသင်းရဲ့ လူစာရင်းမှာ ရိုနယ်ဒို မပါသွားခဲ့ပဲ ရိုနယ်ဒိုဟာ တူရင်မြို့မှာပဲ အနားယူနေဖွယ် ရှိကြောင်း ဖော်ပြ ထားကြပါတယ်။

Photo Credit: Express

ရိုနယ်ဒို မပါဝင်တဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်ကိုတော့ မိုရာတာနဲ့ ဒိုင်ဘာလာတို့က ဦးဆောင် ကစားသွားမှာ ဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဘီနီဗန်တို အသင်းနဲ့ ပွဲမှာ ဂျူဗင်တပ် အသင်းဟာ ၃-၄-၁-၂ ကစားပုံနဲ့ ပွဲထွက် လာမှာ ဖြစ်ကာ ဂိုးသမား နေရာမှာ ဆက်ဇနီ ၊ နောက်တန်းမှာ ဒီလစ် ၊ ဘိုနူချိီ ၊ ဒါနီလို ၊ ကွင်းလယ် ၄ယောက်တန်းမှာ ဖာဘော့တာ ၊ ရာဘီယော့စ် ၊ ဘန်တန်ကာ ၊ ချီဆာ ၊ ကွင်းလယ် တိုက်စစ် နေရာမှာ ရမ်ဆေးနဲ့ တိုက်စစ်မှာ ဒိုင်ဘာလာနဲ့ မိုရာတာတို့ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဂျူဗင်တပ် အသင်းဟာ လက်ရှိ စီးရီးအေပြိုင်ပွဲမှာ ၈ပွဲကစား ၄ပွဲနိုင် ၄ပွဲသရေ ရလဒ်သာ ရထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၄ နေရာအထိ ရောက်ရှိနေပြီး ထိပ်ဆုံးမှာ ရှိတဲ့ အေစီမီလန် အသင်းနဲ့ ၄မှတ်အထိ ကွာဟနေတာကြောင့် ဘီနီဗန်တိုအသင်းနဲ့ ပွဲစဉ်ဟာ သူတို့အတွက် အမှားခံလို့ မရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။