ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကိုရိုရာဗိုင်းရပ် ရှိ ၊ မရှိ စစ်ဆေးရာမှာ ပို့စတစ် ပြန်ဖြစ်ခဲ့တာကြောင့် ယနေ့ညမှာ ကစားသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တဲ့ ဘာစီလိုနာ နဲ့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ယခုလ အစောပိုင်းလောက်က နိုင်ငံတကာ ပွဲစဉ် ကစားဖို့ ပေါ်တူဂီ ကို ရောက်ရှိနေစဉ်မှာ ကိုရိုနာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီးတော့ သူ့အနေနဲ့ ဂျူဗင်တပ်အသင်း ကစားခဲ့တဲ့ ပွဲစဉ်သုံးပွဲကို လွဲချော်ထားပြီ ဖြစ်ပါတယ်။ တစ်ပွဲကတော့ ပေါ်တူဂီ အတွက် ဖြစ်ပြီး နောက်နှစ်ပွဲကတော့ ဂျုဗင်တပ် အတွက် ဖြစ်ပါတယ်။ အခုဆိုရင်လည်း ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားသွားမယ့် အုပ်စု G ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ ဘာစီလိုနာ နဲ့ ဂျုဗင်တပ် ပွဲစဉ်ကိုလည်း လွဲချော်သွားတော့မှာ ဖြစ်ပြီးတော့ သူ့ရဲ့ ပြိုင်ဘက် တစ်ဦး ဖြစ်တဲ့ ဘာစီလိုနာ ကြယ်ပွင့် မက်ဆီ နဲ့ ယှဉ်ပြိုင်ကစား ပုံတွေကိုလည်း ပရိသတ်တွေ အနေနဲ့ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

Photo Credit: Goal

ရော်နယ်ဒို နဲ့ မက်ဆီတို့နှစ်ဦးဟာ လာလီဂါ မှာ ကစားစဉ်က အကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီးတော့ နှစ်ယောက်လုံးက ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ လာလီဂါ ပြိုင်ဘက်ဟောင်း မက်ဆီ နဲ့ ဘာစီလိုနာကို ယှဉ်ပြိုင် ကစားဖို့ အတွက် အင်္ဂါနေ့က စစ်ဆေးရာမှာ နက်ဂတစ် အဖြေ ထွက်ဖို့ လိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ပို့စတစ် ဖြစ်နေတာ ဖြစ်ပါတယ်။ အီတလီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြေညာစာ အရ ကစားသမားအနေနဲ့ ပွဲမစတင် မကစားမီ ၂၄ နာရီ အတွင်းမှာ နက်ဂတစ် ဖြစ်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးရယ်လ် မက်ဒရစ် တို့ရဲ့ ကြယ်ပွင့် ကစားသမားဟောင်း ရော်နယ်ဒိုကို အစောဆုံး စစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ အင်္ဂါနေ့က နည်းပြ အမ်ဒရီလာ ပီယာလို က အသင်းအနေနဲ့ အဖြေရလဒ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ရလဒ် အဖြေက ပို့စတစ် ဖြစ်ခဲ့တာ ကြောင့် ဂျုဗင်တပ် အနေနဲ့ သူတို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် မပါဝင်ဘဲ ရော်နယ် ကိုးမန်း ရဲ့ ဘာစီလိုနာ အသင်းကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ နဲ့ ဂျုဗင်တပ် နှစ်သင်းလုံးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ အနိုင်ရရှိထားတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဘာစီလိုနာက ဖီရန်ဗားရို့စ် ကို ၅ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိထားသလို ဂျုဗင်တပ်ဟာလည်း ဒိုင်နမို ကိဗ် ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ အီတလီ အားကစားရေးရာ ဝန်ကြီး ‌ဗင်ချန်ဆို စပါဒါဖိုရာ ကတော့ ရော်နယ်ဒိုဟာ ပို့စတစ် ဖြစ်နေတာတောင် အီတလီ ကို ပြန်လာခဲ့တဲ့ အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက် သလို ဖြစ်‌နေတာကြောင့် စုံစမ်းစစ်ဆေးသွားဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ စပါဒါဖိုရာ ကတော့ ရော်နယ်ဒို အနေနဲ့ အီတလီ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ခွင့်ပြုချက် မရရင် နိုင်ငံထဲကို ဝင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ “ ခရစ္စတီယာနို က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မလေးစားဘူး။ အဲ့ဒါကို သက်သေပြဖို့ ဖက်ဒရယ်အစိုးရ ရှေ့နေရုံးကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမာပါ။ ဗိုင်းရပ်စ်က ကျွန်တော်တို့ကို ဘယ်သူမှ မကင်းလွတ်နိုင်ဘူးလို့ သက်သေပြခဲ့ပြီးပါပြီ။ လူတိုင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို အတတ်နိုင်ဆုံး လေစားလိုက်နာ ရပါမယ်။ အကောင်းဆုံး အဖြေကတော့ အိမ်မှာပဲ နေကြဖို့ပါ ”