မကြာသေးမီကမှ ဆော်ဒီနာမည်ကြီးကလပ် အယ်နက်ဆာထံ ကမ္ဘာ့စံချိန်တင် လုပ်ခလစာ တရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာခင်မှာပဲ သူ့ရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ ပြိုင်ဘက်တွေ အဖြစ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ဆော်ဒီ ထိပ်သီးကလပ် အယ်နက်ဆာထံ တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်းနဲ့ ၂နှစ် စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပြီး ယခုအချိန်မှာတော့ ရိုနယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ဘောလုံးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါပြီ။

Photo Credit: Goal

 ရိုနယ်ဒိုက ဇန်နဝါရီလ ၁ရက်နေ့မှာထဲက အယ်နက်ဆာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် ယခုချိန်အထိ အသင်းသစ် အတွက် ပါဝင် ကစားပေးခွင့် မရသေးပဲ အယ်နက်ဆာက သူတို့ရဲ့ ကစားသမား စာရင်းထဲ ရိုနယ်ဒိုကို ထည့်သွင်းနိုင်ဖို့ ရှိရင်းစွဲ နိုင်ငံခြားသား ကစားသမားတွေထဲက တဦးကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားနေပါတယ်။

ရိုနယ်ဒိုက အယ်နက်ဆာရဲ့ လူစာရင်းထဲမှာ မပါဝင်သေးပေမယ့် အယ်နက်ဆာရဲ့ ကစားသမား တဦး အဖြစ် စာရင်းသွင်းထားတာကြောင့် ဆော်ဒီလိဂ်ရဲ့ ကစားသမား တဦး ဖြစ်နေပြီး ရိုနယ်ဒိုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ကစားတော့မယ့် ဆော်ဒီလိဂ်စူပါအသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ ဆော်ဒီစူပါလိဂ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ပါဝင် ကစားခွင့် ရမယ်လို့ သိရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့် ကြာသပတေးနေ့မှာ (ဇန်နဝါရီလ ၁၉ရက်နေ့) ဆော်ဒီစူပါအသင်းနဲ့ ပီအက်စ်ဂျီတို့က ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပြီး ရိုနယ်ဒိုက အဆိုပါပွဲမှာ ဆော်ဒီစူပါအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ပါဝင် ကစားဖို့ ရှိနေသလို ပီအက်စ်ဂျီကလည်း မက်ဆီကို ပွဲထွက် လူစာရင်းထဲမှာ ထည့်သုံးမယ်လို့ သိရပါတယ်။

ဒါကြောင့် ဆယ်စုနှစ် ၂စုနီးပါး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ ရိုနယ်ဒိုနဲ့ မက်ဆီတို့ကို မြက်ခင်းပြင် တခုထဲမှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပြီး ဒီပွဲပြီးရင် ရိုနယ်ဒိုက ဆော်ဒီလိဂ်မှာသာ ကျင်လည်ရတော့မှာ ဖြစ်တာကြောင့် ဆော်ဒီစူပါအသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ဟာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ ပြိုင်ဘက်တွေ အဖြစ် နောက်ဆုံး ရင်ဆိုင် ကစားရမယ့် ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။