ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့နှစ်တွေမှာ ရွှေဘောလုံးဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူရဲ့ အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်သူ ကာရင် ဘန်ဇီမာ တယောက် ရွှေဘောလုံးဆုကို ရဖို့ သေချာနေတာကြောင့် ဘန်ဇီမာအား ဂုဏ်ပြုဖို့ ရွှေဘောလုံးဆုပေးပွဲဆီ တက်ရောက်ရန် စီစဉ်နေကြောင်း ပဲရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံးဆုဟာ ပြင်သစ်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ France Footballက ချီးမြှင့်ပေးတဲ့ အထင်ကရ ဆုတံဆိပ် တခု ဖြစ်ပြီး ရွှေဘောလုံးဆုကို ချီးမြှင့်ပေးမယ့် ရွှေဘောလုံးဆုပေးပွဲအား နှစ်စဉ်နှစ်တိုင်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာပဲ ကျင်းပလေ့ ရှိပါတယ်။

Photo Credit: Goal

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ရွှေဘောလုံးဆုကို ၅ကြိမ်တိုင်တိုင် ရရှိထားတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ၂၀၁၇ခုနှစ် နောက်ပိုင်းမှာ ရွှေဘောလုံးဆုပေးပွဲကို တကြိမ်တခါမှ တက်ရောက်ထားခြင်း မရှိပါဘူး။

ဒါပေမယ့် ရိုနယ်ဒိုက ယခုနှစ်မှာ ကျင်းပမယ့် ရွှေဘောလုံးဆုပေးပွဲကို တက်ရောက်ဖို့ စီစဉ်နေပြီး ရိုနယ်ဒို တယောက် ဆုပေးပွဲအား တက်ရောက်မယ့် အဓိကရည်ရွယ်ချက်ဟာ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ ဘန်ဇီမာက ရွှေဘောလုံးဆုကို ရရှိဖို့ သေချာနေတာကြောင့် ဘန်ဇီမာအား ဂုဏ်ပြုရန် ဖြစ်ကြောင်း နာမည်ကြီး ပဲရစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Le Perisien သတင်းဌာနက ဆိုပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုနဲ့ ဘန်ဇီမာတို့က ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ် တစုနီးပါး အတူတူ ကစားခဲ့ကြသူတွေ ဖြစ်ပြီး ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ သေချာနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ရရှိခဲ့ပါတယ်။