ကမ္ဘာပေါ်က ဘောလုံးသမားတွေထဲမှာ အကောင်းဆုံးသော တစ်ယောက်အဖြစ် သတ်မှတ်ရမယ့် ဘောလုံးသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မနေ့ကပဲ အသက်၃၅နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ သာမာန်ဘောလုံးသမားတစ်ယောက်အတွက် ဒီအသက်အရွှယ်ဆိုတာ ကစားသမားဘဝ နေဝင်ချိန်တစ်ခုလို့တောင် သတ်မှတ်ရမှာဖြစ်ပေမယ့်လည်း ရော်နယ်ဒိုကတော့ ခန္ဓာကိုယ်ပိုင်းအရရော ခြေစွမ်းပိုင်းအရပါ အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဖြစ်ပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့လည်း အစီအစဉ်ရှိသေးမယ့်မယ့်ပုံ မရှိလောက်သေးပါဘူး။

Photo Credit : Getty Images

ပေါ်တူဂီနိုင်ငံ မာဒီရီးယားဒေသမှာ မွေးဖွားခဲ့ပြီး အဲ့ဒီမှာပဲ ဘောလုံးသမားဘဝကို စတင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သူရဲ့ဘောလုံးသမားဘဝအတွင်း စပို့တင်းလစ္စဘွန်း မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ်အသင်းတွေမှာ ကျင်လည်ဖြတ်သန်းခဲ့ပြီး ကစားသမားဘဝ သက်တမ်းတောင် ၁၈နှစ်ထိ ရှိလာခဲ့ရပြီပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အသက်၃၅နှစ်အထိ ရှိနေခဲ့ပေမယ့် ရော်နယ်ဒိုကတော့ သူရဲ့ဘောလုံးသမားဘဝကို နောက်၅နှစ်လောက်အထိ ဆက်လက်ဖြတ်သန်းသွားနိုင်ဖို့ ရည်ရွယ်ထားလျက်ရှိနေပြီး ငယ်စဉ်တုန်းကတော့ အသက်၃၅နှစ်အရွှယ်လောက်မှာ သူရဲ့မွေးရပ်မြေအတွင်း ငါးဖမ်းတဲ့သူတစ်ယောက် ဖြစ်နေမယ်လို့ တွေးတောခဲ့ဖူးကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

ရော်နယ်ဒိုက “ကျွန်တော်ငယ်စဉ်တုန်းက ကျွန်တော့်အသက် ၃၅နှစ်လောက် ရောက်လာခဲ့ချိန် မွေးရပ်မြေမှာပဲ ငါးဖမ်းသမားတစ်ယောက်အဖြစ် အသက်မွေးနေရမယ်လို့ တွေးထင်ထားခဲ့မိပါတယ်။ အခုလို ကျွန်တော့်အတွက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ထိပ်သီးအသင်းတွေဆီမှာ ဘောလုံးကစားရမယ်လိမ့်လို့ လုံးဝကို မထင်ထားခဲ့မိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ရော်နယ်ဒိုက ချန်ပီယံလိဂ်ဆုဖလားနဲ့ပတ်သက်ကာ “၆ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား။ ဒါက ဖြစ်နိုင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းမျိုးမှာ ပါဝင်ကစားနေရတဲ့ ကျွန်တော့်အတွက်တော့ ဒီလိုအခွင့်အရေးမျိုးက ရလာနိုင်တယ်လေ။ ချန်ပီယံလိဂ်ဆိုတာ အားလုံးအတွက် ခက်ခဲလှတဲ့ ပြိုင်ပွဲဲကြီးတစ်ခုဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါက အရာအားလုံးပေါ်မှာ မူတည်နေတာပါ။ ဒါပေမယ့်လည်း အသင်းကောင်းတစ်သင်းဆီမှာ ပါဝင်နေရတဲ့ ကစားသမားတစ်ယောက်အဖို့ ဒီဆုကို ပိုင်ဆိုင်ဖို့ဆိုတာက ဖြစ်နိုင်ခြေရှိပါတယ်။ တစ်ဆင့်ချင်းစီ သွားရမှာပေါ့” လို့ ပြောဆိုလို့သွားခဲ့ပါတယ်။